၁၆ ဖေဖော်ဝါရီ၊ ၂၀၂၅
လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား ထောင်ချီရှိနေတဲ့ ကရင်ပြည်နယ် မြဝတီဘက်ကို တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီး လျိုကျုံးရီက ဖေဖော်ဝါရီ ၁၇ ရက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကတဆင့် လာရောက်တွေ့ဆုံသွားမယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
တရုတ်ဒုဝန်ကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်ကပဲ နေပြည်တော်ကို ရောက်ရှိပြီး စစ်ကောင်စီ ဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံပြီး မြဝတီဒေသထဲက ကျားဖြန့်ဂိုဏ်းနှိမ်နင်းရေးနဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက် ၊ ညနေ ၃ နာရီမှာ မြဝတီမြို့မှာ အစည်းအဝေးလုပ်သွားမယ်လို့ သိရပြီး ဖေဖော်ဝါရီလ ၁၄ ရက်ကစပြီး BGF တပ်ဖွဲ့ဝင်တွေ ခေါ်ထုတ်ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေရဲ့ နေရပ်ပြန်လည်ခေါ်ဆောင်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တရုတ်ဒုဝန်ကြီးနဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီမြို့ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ဒုဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ရက်ကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကနေ မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေရှိရာ အဆောက်အဦးတွေကို ကြည့်ရှု့ခဲ့ပါသေးတယ်။
ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီ ၁၄ရက်က စတင်ပြီး ဝင်ရောက် စစ်ဆေးရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာကျားဖြန့်လုပ်ငန်းတွေရဲ့အဓိကအဆောက်အအုံတွေ ပိတ်ထားပြီး မြေငှားရမ်းမှုစာချုပ်တွေ ဖျက်သိမ်းထားတယ်လို့ မြဝတီဒေသ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၂ရက်က BGF ထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် နှစ်ရက်အကြာမှာ စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာတာဖြစ်ပါတယ်။
နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ဖို့အတွက် ထိုင်းအစိုးရနဲ့ ချိတ်ဆက်ပြီး တစ်သုတ်မှာ လူ ၅၀၀ ပြန်ပို့သွားမယ်လို့ BGF ဘက်က အတည်ပြု ပြောဆိုထားပေမယ့် သဘောတူညီမှု ရမရကိုတော့ ထည့်သွင်းပြောဆိုထားခြင်းမရှိပါဘူး။
နယ်စပ်ဒေသမှာရှိနေတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အရင်က ကျားဖြန့်လုပ်ငန်းတွေ စည်စည်ကားကား လည်ပတ်နေတဲ့ အဆောက်အအုံတွေ ပိတ်ကုန်ပြီဖြစ်ပြီး အဲဒီဂိုဏ်းတွေက မြေငှားစာချုပ်တွေ ဖျက်သိမ်းကုန်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
ပုံစာ – မြဝတီဒေသက နိုင်ငံခြားသား ၂၆၁ ဦး ပြန်လည်လွတ်မြောက်ပြီး ထိုင်းနိုင်ငံဘက် ပို့ဆောင်စဉ်
ပုံ – ဘန်ကောက်ပို့စ်