၂၃ ဖေဖော်ဝါရီ ၂၀၂၆
ပြည်သူလူထုနဲ့ CDM အဖွဲ့အစည်းတွေရဲ့အသံကို နားထောင်ကာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြည်သူ့ထံ အစီရင်ခံတင်ပြလာတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ခေတ္တရပ်နားထားခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်သွားမယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ်ရုံးဘက်က ဒေါ်ကြည်ပြာ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုထားတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဖြောင့်မတ်စွာ အကောင်အထည်ဖော်သွားမယ်လို့ ယုံကြည်ကြောင်း၊ တစ်ပြိုင်နက်တည်းမှာပဲ ဆက်လက်စောင့်ကြည့်နေမယ်လို့လည်း အသိပေးထားပါတယ်။
ယခင်ကတော့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ အမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ လုပ်ငန်းစဉ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မလုံလောက်ဘူးလို့ အဖွဲ့က သုံးသပ်ခဲ့ပြီး မိမိတို့ ယုံကြည်အားကိုးထားတဲ့ အစိုးရအပေါ် စိတ်ပျက်ဖွယ် အခြေအနေဖြစ်စေတယ်လို့ဆိုကာ တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်) လုပ်ငန်းစဉ်တွေကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
အဲဒီရပ်ဆိုင်းကြေညာချက်ကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်နစ်နာမှု မရှိစေဖို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာပိတ်မယ့် နောက်ဆုံးရက်ကို မူလ သတ်မှတ်ထားတဲ့ ၂၀၂၆ မတ် ၂ ရက် ည ၁၁ နာရီ ၅၉ မိနစ် အစား ၂၀၂၆ မတ် ၅ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ထောက်ပို့အဖွဲ့တချို့ကလည်း ဒေါ်ကြည်ပြာ ကိစ္စကိုင်တွယ်ပုံအပေါ် အမှုမှန်ပေါ်ပေါက်ရေး ဖိအားပေးခဲ့ကြပေမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ NUG သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ မူလအတိုင်း ထောက်ပံ့မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်လာတာတွေ ရှိလာပါတယ်။
လက်ရှိအခြေအနေအရတော့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာဟာ ကျန်းမာရေးအခြေအနေကြောင့်ဆိုပြီး ရာထူးကနေ နုတ်ထွက်စာ တင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


