Homeပြည်တွင်းသတင်းလားရှိုးမြို့ တစ်နေ့ထဲ လေကြောင်းက နှစ်ခါပြန်တိုက်ခိုက်ခံရပြီး အရပ်သား ၉ ဦး ဒဏ်ရာရ

လားရှိုးမြို့ တစ်နေ့ထဲ လေကြောင်းက နှစ်ခါပြန်တိုက်ခိုက်ခံရပြီး အရပ်သား ၉ ဦး ဒဏ်ရာရ

၁ အောက်တိုဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ကို စက်တင်ဘာ ၃၀ ရက်က မနက် ၁၂ နာရီခွဲဝန်းကျင်မှာ လေကြောင်းက သုံးကြိမ်တိုင်တိုင် ဗုံးကြဲချပြီး ည ၁၀နာရီခန့်မှာ နောက်ထပ် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက် ည ၉း၅၈ မှ ၁၀း၁၀ အတွင်း ရပ်ကွက် ၁၂ မန်နားရွာကို ပေါင် ၅၀၀ ဗုံးကို ၄ ကြိမ်တိုင် လာကြဲချတဲ့အတွက် အမျိုးသား ၆ ဦး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီထဲက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် လူနေအိမ်အမြောက်အများ နဲ့ ဈေးဆိုင်တွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ MNDAA ဘက်ကတော့ လူ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ ၁ ရက် မနက်ခင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ဩဂုတ်လ ၃၀က စက်တင်ဘာ ၃၀အထိ ကာလအတွင်း လေကြောင်းက ဖျက်အားပြင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ၁၀ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီး လူ ၃ ဦး သေဆုံးကာ လူ ၄၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အတွက် လားရှိုး၊ နောင်ချို၊ သီပေါစတဲ့ TNLA နဲ့ MNDAA တို့ သိမ်းပိုက်ထားတဲ့မြို့တွေကို နေ့တိုင်းနီးပါး လေကြောင်းက တိုက်ခိုက်နေပါတယ်။ လူနေအဆောက်အအုံနဲ့ ရုံး၊ ကျောင်းစတဲ့ လူနေထူထပ်တဲ့နေရာတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ IIMM က သတိပေးပြောကြားထားပါတယ်။

ပုံစာ – စက်တင်ဘာ ၃၀ ညပိုင်း စစ်ကောင်စီ တိုက်ခိုက်ထားတဲ့ လားရှိုး ရက ၁၂ က လူနေအဆောက်အအုံတချို့

Photo – လားရှိုးပြန်လည်ထူထောင်ရေး/CJ

ဆက်စပ် သတင်းများ

Most read