Homeပြည်တွင်းသတင်းလားရှိုးမြို့ ခလရ ၆၈၊ ခလရ ၄၁ နဲ့ ခမရ ၅၀၇ တို့ကို MNDAA သိမ်းပိုက်ထားပေမယ့် စခန်းတွေအနီးတဝိုက်...

လားရှိုးမြို့ ခလရ ၆၈၊ ခလရ ၄၁ နဲ့ ခမရ ၅၀၇ တို့ကို MNDAA သိမ်းပိုက်ထားပေမယ့် စခန်းတွေအနီးတဝိုက် တိုက်ပွဲပြင်းထန်နေ

၂၄ ဇူလိုင်၊ ၂၀၂၄

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခလရ ၆၈၊ ခလရ ၄၁ နဲ့ ခမရ ၅၀၇ တို့ကို MNDAA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားနိုင်ပေမဲ့ တပ်ရင်းနဲ့ အနီးတဝိုက်နေရာတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတယ်လို့ လားရှိုးဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စခန်းတွေကို MNDAA က ထိန်းချုပ်ထားနိုင်ပေမဲ့ စစ်ကောင်စီဘက်က စခန်းပြန်လည်ရရှိဖို့အတွက် လေကြောင်းပစ်ကူသုံးပြီး ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ MNDAA ဘက်ကလည်း စစ်ကြောင်းတွေ ခွဲပြီး လားရှိုးမြို့တွင်းရောက်အောင် ဝင်ရောက်လာနေတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

“ခလရ ၆၈ နဲ့ ခလရ ၄၁တို့ကို တနေ့က သိမ်းပိုက်ပြီးပြီ။ ဒါပေမဲ့ အဲ့နားတဝိုက် တိုက်ပွဲတွေတော့ ဆက်ဖြစ်နေကြတယ်။ မနေ့က ခလရ ၄၁ ကို ပြန်ပြီး စပ်တပ်က သိမ်းလိုက်သလို ကြားတယ်။ သေချာတော့မသိပါဘူး။ တိုက်ပွဲတွေ ဖြစ်နေတာအမှန်ပဲ။ မြို့ရဲ့ ဝင်ပေါက်ထွက်ပေါက်လိုဖြစ်နေတော့ စစ်တပ်ကလည်း ပြန်လည်တိုက်ယူမယ့်သဘောတော့ရှိတယ်၊ စစ်ကူတွေ ရောက်လာတယ်ကြားတယ် လေကြောင်းပစ်ကူလည်း ရှိတော့ တိုက်ပွဲကတော့ဆက်ရှိနေမယ်ထင်တယ်” လို့ လားရှိုးမြို့က ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းမှာ လားရှိုး ရပ်ကွက် ၁၊ ရပ်ကွက် ၄၊ ရပ်ကွက် ၇ တို့ဘက်မှာ အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၃ ရက်မှာ ပြည်ထောင်စုလမ်းမကြီးနဲ့နီးတဲ့ မန်ဆူဘုရားကျောင်း၊ အထက၃ ကျောင်းဘက်တွေမှာ ပစ်ခတ်သံတွေ ကြားနေရတဲ့တွက် မြို့ထဲထိ တိုက်ပွဲတွေ စိမ့်ဝင်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

လားရှိုးမြို့မှာ လက်ရှိဒေသခံသုံးသောင်းဝန်းကျင်လောက် ကျန်နေသေးပြီး စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးတို့မှာ ဝယ်ရခက်ပြီး အသွားအလာခက်နေတယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးဖုန်းလိုင်းတွေကတော့ ရပ်ကွက်အတော်များများမှာ ပြတ်တောက်နေပြီး တချို့နေရာတွေမှာပဲ ဖုန်းအသုံးပြုလို့ရတော့တယ်လို့သိရပါတယ်။ လားရှိုးမြို့အတွင်းပိုင်းနေအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖောက်ထွင်းခိုးယူလုယက်မှုတွေလည်း နေ့စဉ်ရှိနေတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။

ဆက်စပ် သတင်းများ

Most read