၂၆ အောက်တိုဘာ၊၂၀၂၄
လားရှိုးမြို့ကို စစ်ကောင်စီက အောက်တိုဘာ ၂၅ ရက် နေ့ခင်းပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး စက်ရုံအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့တယ်လို့ ကိုးကန့် တပ်မတော် (MNDAA) က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၅ ရက် နေ့ခင်း ၁နာရီ ၁၃မိနစ်မှ ၁နာရီ ၄၅မိနစ်တွင်း စစ်ကောင်စီက လားရှိုးမြို့ မယ် ဟန် ကျေးရွာရှိ ရွှေမြင်းနှစ်ကောင်စက်ရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပေါင်ချိန်များတဲ့ ဗုံးလေးလုံးထက်မနည်း ကြဲချခဲ့ရာ အရပ်သားတစ်ဦးသေဆုံးကာ စက်ရုံအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး စက်ရုံအနီးရှိ မျိုးရိုးဘိုးဘွားခန်းမတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း လားရှိုးမြို့က အရက်ချက်စက်ရုံ၊ အမှတ် (၂) ရဲစခန်းစတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အချုပ်သားနှစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း ၂၀၂၄ ခုနစ် သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကနေ နေ့စဉ်လို လို ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
Photo – The KoKang