Homeပြည်တွင်းသတင်းလားရှိုးမြို့မှာ ဇူလိုင်လကုန်ထိအပစ်ရပ်မယ်လို့ကြေညာထားပေမဲ့တိုက်ပွဲပြင်းထန်နေ

လားရှိုးမြို့မှာ ဇူလိုင်လကုန်ထိအပစ်ရပ်မယ်လို့ကြေညာထားပေမဲ့တိုက်ပွဲပြင်းထန်နေ

၂၁ ဇူလိုင်၊ ၂၀၂၄

တရုတ်နိုင်ငံ တောင်းဆိုချက်ကြောင့် ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲဖို့ MNDAA က ကြေညာထားပေမဲ့ စစ်ကောင်စီဘက်ကတိုက်ခိုက်နေတဲ့အတွက် လားရှိုးမြို့မှာ တိုက်ပွဲ‌တွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဇူလိုင်လ ၂၁ ရက် မနက် ၄ နာရီထဲက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး မနက် ၆ နာရီ ၂၅ မိနစ် ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

လားရှိုးမြို့ ၊ ၅ ရပ်ကွက်က ၅၀၇ တပ်စခန်း ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကာ ပစ်ခတ်သံတွေကို မနက် ၈ နာရီကျော်အထိ ကြားနေရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၀ ရက်မှာ လက်နက်ကြီးအစ ထိမှန်တဲ့အတွက် လားရှိုးဈေးကြီးနားက ကလေးငယ်တစ်ဦး ခေါင်းနဲ့ ခြေမှာ ဒဏ်ရာရပြီး သေဆုံးခဲ့ရကာ လက်ရှိ လားရှိုးမြို့ထဲမှာ စစ်မရှောင်နိုင်တဲ့ မြို့ခံ ၃၀၀၀၀ ဦးကျော်ကျန်ပြီး ပိတ်မိနေသေးတယ်လို့သိရပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီအထိနာနေတဲ့အတွက် ယာယီအပစ်ရပ်စဲထားတဲ့ ၄ ရက်အတွင်းမှာ ရမခစစ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် စိုးတင့်ကို တိုင်းမှူးရာထူးက ဖြုတ်ချပြီး ဗိုလ်မှူးချုပ်စိုးလှိုင်ကို တိုင်းမှူးအသစ်အဖြစ် အစားထိုးခန့်အပ်ထားပါတယ်။

လားရှိုးမြို့နယ်က စစ်ကောင်စီတပ်တွေကို ဇူလိုင်လ ၃ ရက်ကစပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read