၄ ဒီဇင်ဘာ၊ ၂၀၂၄
လားရှိုးမြို့က ရောက်ရှိလာတဲ့စစ်ဘေးရှောင်တွေအတွက် ယာဉ်မောင်းလိုင်စင်နဲ့ပတ်သတ်တဲ့ ကိစ္စတွေဆောင်ရွက်ဖို့အတွက် တောင်ကြီးမြို့ ကညနရုံးဝန်းထဲမှာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဖွင့်လှစ်ပေးနေတယ်လို့ တောင်ကြီးမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေက ပြောဆိုပါတယ်။ ဒါ့အပြင်လဝက ရုံးကိုလည်း ဆရာဝန်များအသင်းမှာ မြို့နယ်အလိုက် လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
“လိုင်စင်ကတော့ လွိုင်လင်မှာလည်း လုပ်လို့ရတယ်လို့ပြောတယ်၊ တောင်ကြီးမှာက တပတ် နှစ်ရက်ပဲ။ အင်္ဂါနဲ့ ဗုဒ္ဓဟူးပေါ့ ။ ကုန်ကျစရိတ်ကတော့ အတူတူပါပဲ” လို့ ကိုယ်တိုင်သွားလုပ်ခဲ့တဲ့ စစ်ဘေးရှောင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
မှတ်ပုံတင်ကတော့ ရှမ်းမြောက်ကလာတဲ့ စစ်ဘေးရှောင်တွေအတွက် မြို့နယ်အလိုက် နေ့စဉ်ဆောင်ရွက်ပေးနေပေမယ့် အပိုကုန်ကျစရိတ်တွေ ပေးရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ မှတ်ပုံတင် အသစ်လုပ်တာ၊ ပျောက်ဆုံးမှတ်ပုံတင် အသစ်ထုတ်တာ၊ အသက်ပြည့်လို့ ကတ်သစ်လဲတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပြီး လူသိပ်မသိကြဘူးလို့ သိရပါတယ်။ တောင်ကြီးမြို့မှာ လားရှိုး၊ ကျောက်မဲ ၊ ဖယ်ခုံ ၊ လွိုင်ကော် စတဲ့ ဒေသခံတွေ လာရောက်စစ်ရှောင်နေကြတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လမှာ UNHCR က ကောက်ယူထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ သန်းကျော်ရှိပြီး ၁ သန်းကျော်မှာ မြန်မာပြည်အရှေ့တောင်ပိုင်းက ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာမသိမ်းခင်က နေအိမ်စွန့်ခွာထွက်ပြေးသူ ၃၂၈၀၀၀ သာ ရှိခဲ့ပါတယ်။
ပုံစာ – ကချင်ပြည်နယ်က စစ်ရှောင်များ (၂၀၂၁ ခုနှစ် ပုံဟောင်း)
Photo – The New Humanitarian