Homeပြည်တွင်းသတင်းလားရှိုးထောင်က တအာင်းလူမျိုးအကျဉ်းသား ၁၁၈ ဦးကို MNDAA က TNLA ထံလွှဲပြောင်း

လားရှိုးထောင်က တအာင်းလူမျိုးအကျဉ်းသား ၁၁၈ ဦးကို MNDAA က TNLA ထံလွှဲပြောင်း

၄ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က လားရှိုးအကျဉ်းထောင်ကတအာင်းလူမျိုးအကျဉ်းသား ၁၁၈ ဦးကို MNDAA က တအာင်းတပ်(TNLA) ထံလွှဲပြောင်းပေး‌ခဲ့ကြောင်း TNLA က သြဂုတ် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လွှဲပြောင်းပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ မတရားသင်း ပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံရသူအကျဉ်းသား ၅ ဦး၊ မသင်္ကာမှု (၁၅)ဦး၊ လောင်းကစားမှု (၁)ဦး၊ အရေးပေါ်ထုတ်ပြန်အမိန့် Martial Law ဥပဒေချိုးဖောက်မှု (၃)ဦး၊ ရဲပြေးမှုနဲ့လဝက အမှု (၄)ဦး၊ ဓါးပြတိုက်မှု (၂)ဦး၊ ရဲစီးမှု(၁)ဦး၊ လူကုန်ကူးမှု (၂)ဦးနဲ့ မူးယစ်မှု (၈၆)ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ရပ်ကွက် ၁၂ က လားရှိုးအကျဉ်းထောင်ကို သိမ်းပိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်အပါအဝင် အခြားအမှုတွေနဲ့ အကျဉ်းကျခံထားရသူတွေကို စိစစ်ပြီး လွှတ်ပေးနေတာ ဖြစ်ပြီး တအာင်းလူမျိုးအကျဉ်းသားတွေကို TNLA လက်ကို ပြန်ပြီး လွှဲပြောင်းပေးတာဖြစ်ပါတယ်။

ဒီအကျဉ်းသားတွေကို အမှုပြန်လည်စစ်ဆေးပြီး လွှတ်ပေးတာနဲ့ ပြန်လည်အ‌ရေးယူတာတွေလုပ်မယ်လို့ TNLA က ကြေညာထားပါတယ်။

ဒါ့အပြင် လားရှိုးထောင်ကလွတ်ပြီး မိသားစုနဲ့ TNLAဆီကို မရောက်သေးတဲ့ တအာင်းနိုင်ငံရေးအကျဉ်းသားတွေအတွက်လည်း TNLA နဲ့ MNDAA တို့ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

MNDAA ဟာ လားရှိုးထောင်က ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဦးထွန်းထွန်းဟိန်နဲ့ နိုင်ကျဉ်း ၂၀၀ ကျော်ကို လားရှိုးပကဖနဲ့ တော်လှန်ရေးအင်အားစုတွေဆီလွှဲပြောင်းထားတယ်လို့ NUG ကာကွယ်ရေး ဒုအတွင်းဝန် ဦး‌မောင်မောင်ဆွေကပြောထားပါတယ်။

ဆက်စပ် သတင်းများ

Most read