၂၈ နိုဝင်ဘာ၊ ၂၀၂၄
ထိုင်းနိုင်ငံမှာ တရားမ၀င် နေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရား၀င်နေထိုင် အလုပ် လုပ်ခွင့်လက်မှတ် ပန်းရောင်ကတ် (ဘတ်) ကို ဒီဇင်ဘာလ ၃၀ ရက်မှာ နောက်ဆုံးထားပြီးလုပ်ဖို့ ထိုင်းအလုပ် သမား၀န်ကြီးဌာနက နို၀င်ဘာ ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။
အလုပ်သမားစွမ်းအားမြှင့်တင်ဖို့၊ လူကုန် ကူးခံနေရတဲ့ ပြဿနာနဲ့ အလုပ်သမား လိုအပ်ချက်တွေအပြင် တရားမဝင် အလုပ်သမားတွေကို မှတ်ပုံတင်ရေးဆိုင်ရာ စတဲ့ အဆိုပြုချက်တွေကို ဆွေးနွေးညှိနှိုင်းပြီးနောက် ထိုင်းပြည်ထဲရေးဝန်ကြီးက သဘောတူလက်မှတ်ရေးထိုးပေးတာ ဖြစ်ပါတယ်။
ပန်းရောင်ကတ်မှာ ထိုင်းအလုပ်ရှင်သူဌေး၊ အလုပ်အမျိုးအစားစတဲ့အချက်တွေ ပါဝင်ပြီး ထိုင်းရဲတွေက စစ်ဆေးတဲ့အခါ လွဲမှားမှုရှိပါက ဥပဒေအရ အရေးယူပါတယ်။ ဒါကြောင့် အလုပ်ပြောင်းရင် အလုပ်သစ်နဲ့ အလုပ်ရှင်အချက်အလက်တွေ ထပ်ပြီး ပြန်ပြင်ဖို့ ထိုင်းလူဝင်မှုကလည်း သတိပေးထားပါတယ်။
အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်ကတ်လုပ်တဲ့ ကုန်ကျစရိတ်ဟာ ဘတ်ခြောက်ထောင်ကျော်သာ ရှိပေမယ့် ပွဲစားတွေက ဘတ် ၈၅၀၀ ကနေ ဘတ် ၁၀၀၀၀ အထိ တောင်းခံနေကြပါတယ်။
ပန်းရောင်ကတ်လျှောက်ထားဖို့ အကျုံးဝင်သူတွေထဲမှာ ထိုင်းနိုင်ငံမှာ တရားမ၀င် ဝင်ရောက်နေထိုင်သူတွေ၊ တရား၀င်ရောက်ရှိနေပေပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ၁၈ နှစ်ပြည့်ပြီးသားသမီးတွေပါဝင်ပြီး သက်တမ်းကုန်ဆုံးနေသူတွေကို သက်တမ်းတိုးပေးမှာဖြစ်ပါတယ်။
ပန်းရောင်ကတ်လုပ်ဖို့ အမည်စာရင်း (Name List) တင်သွင်းဖို့ ဒီဇင်ဘာလ ၃၀ ရက် မတိုင်ခင် ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ရက်သတ်မှတ်ပြီး ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။
အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပန်းရောင်ကတ် အသစ်လုပ်ဖို့ စိတ်ချရတဲ့ အကျိုးဆောင်တွေနဲ့ တိုင်ပင်သင့်ပြီး ငွေကြိုတင် မလွှဲကြဖို့ နဲ့ ဂရုစိုက် လုပ်ဆောင်ကြဖို့ အလုပ်သမားအရေးကူညီပေးနေသူတွေက သတိပေးတိုက်တွန်းထားပါတယ်။
ပုံစာ – ပန်းရောင်ကတ် နမူနာပုံ
Photo – IsaanLawyers