Homeပြည်တွင်းသတင်းလာမယ့်အောက်တိုဘာလ လူဦးရေစာရင်းကောက်ယူရာမှာ မှန်ကန်စွာဖြေဖို့ စစ်ခေါင်းဆောင် ၃ ကြိမ်ထက်မနည်း မိန့်ခွန်းထဲ ထည့်ပြော

လာမယ့်အောက်တိုဘာလ လူဦးရေစာရင်းကောက်ယူရာမှာ မှန်ကန်စွာဖြေဖို့ စစ်ခေါင်းဆောင် ၃ ကြိမ်ထက်မနည်း မိန့်ခွန်းထဲ ထည့်ပြော

၁ စက်တင်ဘာ၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့်အောက်တိုဘာလ ၁ ရက်က ၁၅ ရက်အထိ သန်းခေါင်စာရင်းခေါ် လူဦးရေစာရင်း ကောက်ယူသွားမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန်ဖြေဆိုကြဖို့ မိန့်ခွန်းမှာ ၃ ကြိမ်ထက်မနည်း ထည့်သွင်းပြောကြားသွားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရုပ်သံမီဒီယာတွေကတဆင့် မိန့်ခွန်းပြောကြားသွားတာ ဖြစ်ပြီး ၁၂ မိနစ်ကျော်ကြာ မိန့်ခွန်းမှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူဖို့နဲ့ပတ်သတ်ပြီး ပြောသွားတာပါ။ ဒါ့အပြင် ၂၀၂၃ ခုနှစ် သန်းခေါင်စာရင်းဥပဒေက ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှု ပေးထားတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။

ရန်ကုန်မြို့ပေါ် က တချို့ရပ်ကွက်တွေမှာ ဆန်၊ ဆီ ဝေရန်ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်မှာနေထိုင်တဲ့ လူဦးရေနဲ့ သန်းခေါင်စာရင်း၊ ဧည့်စာရင်းတွေကို ဖြည့်သွင်းဖို့ စာရွက်တွေနဲ့ ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံဖူးသူများ ပြောပြချက်အရ သိရပါတယ်။

“လှိုင်ဘက်မှာတော့ စာရွက်တွေနဲ့ ဆန်၊ ဆီဝေဖို့ လူဦးရေဖြည့်ပေးရမယ်ဆိုပြီး အရင်ရက်တွေထဲက ဖြည့်ခိုင်းထားတယ်။ ဧည့်စာရင်းကော ၊ သန်းခေါင်စာရင်းကော ဖြည့်ရတယ်။ လူတွေကတော့ ဆန် ဆီ အလကားရမယ်ဆိုတော့ ဖြည့်ကြတာပေါ့၊ တချို့ကျလည်း မဖြည့်ဘူး စစ်မှုထမ်းခေါ်မှာ ကြောက်လို့” လို့ လှိုင်မြို့နယ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

တောင်ဒဂုံမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ရပ်ကွက်အလိုက် လူစာရင်းကောက်ခံမှုတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ “စက်မှုဇုန်တွေကိုလည်း စက်ရုံမှာ နေတဲ့မိသားစုတွေ ရှိရင် အကုန်ဧည့်စာရင်းတိုင်ဖို့ ပြောထားပါတယ်။ ” လို့ ဆိပ်ကမ်းမြို့နယ်က အိမ်ယာတစ်ခုနေထိုင်သူက New Day Myanmar ကို ပြောပါတယ်။

“အိမ်ထောင်စု အဖွဲ့အစည်းအတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာရောက် လာရောက် မေးမြန်းမယ့် မေးခွန်းတွေကို သံသယစိတ်၊စိုးရိမ်ကြောင့်ကြစိတ်များကင်းစွာနဲ့ နောက်အနာဂတ် မျိုးဆက်သစ်တွေအကျိုးအတွက် အမှန်ကို အမှန်အတိုင်း၊ အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့ လိုအပ်ပါတယ်” လို့ စစ်ခေါင်းဆောင်က မိန့်ခွန်းမှာ ပြောသွားပါတယ်။ တစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း ၃၃၀ ရဲ့ ၇၀ ရာခိုင်နှုန်းက တိုက်ပွဲတွေဖြစ်ခဲ့ပြီး မြို့ပေါင်း ၇၀ ကျော်ကို စစ်ကောင်စီက လက်လွှတ်ထားရပါတာ ဖြစ်ပါတယ်။

ပုံစာ – စက်တင်ဘာ ၁ ရက်မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွက် စစ်ခေါင်းဆောင်မိန့်ခွန်းပြောစဉ်/ ပုံ- စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read