ရန်ကုန်မြို့ ၊ လသာမြို့နယ်၊ ၈ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာရှိတဲ့ တိုက်တလုံးပေါ်ကနေ ဒီကနေ့ စက်တင်ဘာ ၁၇ ရက် နံနက် ၁နာရီအချိန်မှာအမျိုးသားတဉီး ပြုတ်ကျခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မီးသတ်တပ်ဖွဲ့ရဲ့ အသိပေးချက်အရ သိရပါတယ်။
အဲဒီအမျိုးသားဟာ သူပြုတ်ကျတဲ့တိုက်အောက်မှာရှိတဲ့ ဂမုန်းပွင့်အဆောက်အဦပေါ်တီကို အမိုးပေါ်ကို ကျရောက်ခဲ့တာဖြစ်ပြီး မစိုးရိမ်ရ ဒဏ်ရာရှိတယ်လို့ ဆိုပေမဲ့ ဘယ်အလွှာက ပြုတ်ကျတယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
ဖြစ်စဉ်နေရာကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းရဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး ထွက်ခွာကယ်ဆယ်ခဲ့ကာ ပရဟိတအသင်းတခုက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။
စစ်ကော်မရှင် လက်အောက်ခံမီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြချက်မှာ ပြုတ်ကျတဲ့အမျိုးသားဟာ မည်သူမည်ဝါ၊ ဘာ့ကြောင့်ပြုတ်တယ်ဆိုတာမျိုး အသိမပေးတဲ့အတွက် ဝေဖန်မှုတွေလည်း မြင့်တက် နေပါတယ်။
ဓာတ်ပုံ-MFSD


