Homeပြည်တွင်းသတင်းလမ်းမတော်မြို့နယ်မှာ ကြိုတင်မဲကြောင့် ဦးကိုကိုကြီး ရှုံးနိမ့်

လမ်းမတော်မြို့နယ်မှာ ကြိုတင်မဲကြောင့် ဦးကိုကိုကြီး ရှုံးနိမ့်

၂၆ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးဟာ ကြိုတင်မဲရလဒ်တွေကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ရှုံးနိမ့်နေတယ်လို့ ပြည်သူ့ပါတီဘက်က ကနဦး သိရှိထားကြောင်း ပြောပါတယ်။

မဲရုံမဲရလဒ်တွေမှာတော့ ဦးကိုကိုကြီးနဲ့ USDP ကိုယ်စားလှယ် ဦးရန်မျိုးအောင်သိန်းတို့အကြား မဲကွာဟချက်ဟာ “ခုဂဏန်းလောက်ပဲ ကွာ” နေပြီး မဲရုံမဲအရ ကွာဟမှုမများခဲ့ပေမဲ့ ကြိုတင်မဲတွေ ထည့်သွင်းတွက်ချက်ပြီးနောက် အနိုင်အရှုံး ပြောင်းလဲသွားတာဖြစ်တယ်လို့ ပြည်သူ့ပါတီက ပြောပါတယ်။

လမ်းမတော်မြို့နယ်မှာ မဲရုံပေါင်း ၂၂ ရုံ ဖွင့်လှစ်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ လာရောက်မဲပေးမှုအရ ပါတီနှစ်ဖက်အကြား မဲကွာဟချက်ဟာ နည်းပါးခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးမဲရလဒ်ကိုတော့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်မယ်လို့သိရပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကို နိုင်ငံတဝန်း မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ ကျင်းပခဲ့ပြီး လမ်းမတော်မြို့နယ်လည်း အဲ့ဒီစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွေအရ အပိုင်း ၁ နဲ့ ၂ မှာ USDP ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် စုစုပေါင်း အမတ်နေရာ ၄၇၁ နေရာ အနိုင်ရထားပါတယ်။

တစ်နိုင်ငံလုံး လွှတ်တော် ၃ ရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေထဲမှာတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၃၁ နေရာ၊ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၁၃ နေရာ၊ ပြည်သူ့ပါတီက ၈ နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၂ နေရာနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁ နေရာ အနိုင်ရထားပါတယ်။

ရွေးကောက်ပွဲ အပိုင်းတိုင်းမှာ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့ ပါတီတွေဘက်က မေးခွန်းထုတ်ပြောဆိုတာတွေ ရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး