Homeပြည်တွင်းသတင်းလက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မေလအတွင်း အရပ်သား တစ်ရာကျော်သေဆုံးခဲ့တယ်လို့ AAPP ဆို

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မေလအတွင်း အရပ်သား တစ်ရာကျော်သေဆုံးခဲ့တယ်လို့ AAPP ဆို

၃၁ မေ၊၂၀၂၄

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ဝ၂၄ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အရပ်သားတစ်ရာကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ဝ ဦးနဲ့ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက သေဆုံးသူ ၂၂ ဦးနဲ့ အရပ်သားသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၅၂ ဦးသေဆုံးပြီး ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၁၃ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ သေဆုံးသူတွေရဲ့ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာလို့ AAPP က ထုတ်ပြန် ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၄ ခုနှစ်မှာ အများဆုံးဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ် ရှိပြီး တစ်ရက်ကို ပျမ်းမျှ ခြောက်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန် ထား ပါတယ်။

Photo-စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာတစ်ဝိုက် ဩဂုတ် ၁၁ရက်နေ့က စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်စီးနင်းပြီး တွေ့ရသည့် အပျက်အစီးများ

ဆက်စပ် သတင်းများ

Most read