Homeပြည်တွင်းသတင်းလက်နက်ကိုင်ပြီး တောင်းဆိုလာတာကို လိုက်လျောဖြေရှင်းမှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပြော

လက်နက်ကိုင်ပြီး တောင်းဆိုလာတာကို လိုက်လျောဖြေရှင်းမှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပြော

၁၅ အောက်တိုဘာ၊ ၂၀၂၄

နိုင်ငံရေးဆွေးနွေးမှုမျိုးမဟုတ်ဘဲ လက်နက်ကိုင်ပြီး တောင်းဆိုလာမှုတွေကို လိုက်လျောပြီး ဖြေရှင်းမှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာလ ၁၅ ရက် ဒီနေ့မနက် ရုပ်သံ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်မှာ ကျရောက်တဲ့ NCA ၉ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ စစ်ခေါင်းဆောင်ဟာ ၂၃ မိနစ်ကျော်ကြာတဲ့ ရုပ်သံမိန့်ခွန်းတစ်ခုကို စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

”ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီး တောင်းဆိုကြဖို့၊ ဆွေးနွေးကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ERO နဲ့ PDF တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က စစ်ကောင်စီ သတင်းရုပ်သံလိုင်းတွေကတဆင့် ထုတ်လွှင့်ဖူးပေမယ့် နာရီပိုင်း အတွင်းမှာ တိုင်းရင်းသားတပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မဈေးနဲ့ လူနေအိမ်တွေကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲချတဲ့အတွက် နှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် လူ ၅ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဘက်က ငြိမ်းချမ်း‌ရေးလာဆွေးနွေးဖို့ နှစ်ကြိမ်ဖိတ်ခေါ်ထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက ယုံကြည်မှုမရှိတာကြောင့် နိုင်ငံရေးအရဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း တုံ့ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ NCA လမ်းကြောင်းအတိုင်း ဆက်သွားဖို့ ပြောဆိုလိုက်ပြီး နိုင်ငံရေးဆွေးနွေးပွဲ တွေကနေပဲ ဆက်ပြီး ညှိနှိုင်းတောင်းဆိုကြတာတွေ လုပ်ကြဖို့ ပြောဆိုနေပါတယ်။

ရုပ်သံဖိုင်မှာ စစ်ခေါင်းဆောင်က နိုင်ငံတော်ကို ကာကွယ်ဖို့ တပ်မတော်တစ်ခုတည်းမှာ တာဝန်ရှိတာ မဟုတ်ဘဲ ပြည်သူတွေမှာလည်းတာဝန်ရှိတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်တွေ အုပ်စိုးထားတဲ့ဒေသတွေကလွဲပြီး ကျန်တဲ့နယ်မြေတွေမှာ ၁၈ နှစ်က ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ လူကောက်ခံတာ ၊ ရပ်ကျေးလုံခြုံရေးအတွက် အသက် ၃၅ က ၆၅ အထိ စစ်သင်တန်းပေး တာတွေကို အတင်းအကြပ်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read