Homeပြည်တွင်းသတင်းရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့ကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့ကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်

၂ ဇန်နဝါရီ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ဒေသဖြစ်တဲ့ သိန္ဒီမြို့ကို စစ်ကောင်စီလေတပ်က ဇန်နဝါရီလ ၁ ရက်၊ ညပိုင်းမှာ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကာလအတန်ကြာ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်နေပြီး နှစ်သစ်ကူးကာလမှာ စစ်ကောင်စီက လေကြောင်းက ပြန်ပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်။ MNDAA အနေနဲ့ စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း တရားဝင် ထုတ်ပြန်ထားသလို တရုတ်အစိုးရက ကြားဝင်စေ့စပ်နေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်နေပြီး ပထမဆုံးအကြိမ်အဖြစ် ရှမ်းမြောက်ဘက်ကို ပြန်လည် တိုက်ခိုက်တာ ဖြစ်ပါတယ်။

“ညက ၁၁ ခွဲလောက်မှာ လာကြဲတာ။ သိန္ဒီဟိုတယ်နားက အိမ်တစ်လုံးထိတယ်လို့ ပြောတယ်၊ ထိခိုက်တာတွေ ပျက်စီးတာတွေတော့မသိသေးဘူး။ ရှမ်းမြောက်က ငြိမ်နေရာက ပြန်ဖြစ်တာဆိုတော့ လားရှိုးနဲ့ ကျန်တဲ့မြို့တွေအနေနဲ့လည်း ပြန်ပြီး သတိထားရတော့မယ်”လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

MNDAA ၊ TNLA တို့ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ တိုက်ပွဲတွေကို ရပ်နားထားပြီး နိုင်ငံရေးအရ ညှိနှိုင်းမယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလအတွင်းမှာ တရုတ်နိုင်ငံမှာ KIA ၊ TNLA ၊ AA နဲ့ MNDAA တပ်က ကိုယ်စားလှယ်တွေက တရုတ်အာဏာပိုင်တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးတာမျိုးတွေ ရှိခဲ့ပါတယ်။ MNDAA နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံမှာ စေ့စပ်ညှိနှိုင်းပေမယ့် နှစ်ဘက်စလုံးက ထုတ်ပြန်ထားတာ မရှိပါဘူး။

ပုံစာ – သိန္ဒီမြို့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ပျက်စီးသွားတဲ့အိမ်များ (ပုံဟောင်း)
ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read