၁ ဒီဇင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်ကြားက ဆီဆိုင် – လွိုင်ကော်လမ်းပိုင်းမှာ ထီးစဲခါးရေတံခွန်ကျောင်းတိုက်ဆရာတော်ယာဉ်ကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့အတွက် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ၂ပါးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
နိုဝင်ဘာ ၃၀ ရက် နေ့လည်ပိုင်းက ဆီဆိုင်မြို့နယ် ဆီဆိုင် – လွိုင်ကော်လမ်းမကြီးပေါ်က အောင်ကလပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထီးစဲခါးဆရာတော်ရဲ့ ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထီးစဲခါးကျေးရွာ ကျောက်တိုက်ဆရာတော် ဘဒ္ဒန္တ ပညာဝံသအပါအဝင် သံဃာတော်ငါးပါးဟာ စေတီတော်အသစ်တည်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့အတွက် မန္တလေးမြို့ကို ထွက်လာတုန်း ပစ်ခတ်ခံရတာပါ။
စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပေမယ့် KNDF လက်ချက်လို့ သတင်းလွှင့်ထားပါတယ်။ လွိုင်ကော်-ဆီဆိုင်လမ်းနဲ့ လွိုင်လင်လေးမြို့တွေဟာ စစ်ကောင်စီနဲ့ လက်အောက်ခံပအိုဝ်းပြည်သူ့စစ်တွေရဲ့စစ်လှုပ်ရှားနယ်မြေဖြစ်တယ်လို့ KNDF ဘက်ကပြောဆိုပါတယ်။ ဒီနယ်မြေဟာ စစ်ကောင်စီတပ်စခန်းရှိပြီး အရင်ကလည်း အရပ်သားကားတွေကို ပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါတဲ့ကားကို စစ်တပ်က ပစ်ခတ်ခဲ့တဲ့အတွက် ဆရာတော်ပျံလွန်တော်မူခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာလည်း PDFတွေက ပစ်ခတ်တယ်လို့ ကားဆရာကို ခြိမ်းခြောက် လိမ်လည်ထွက်ဆိုခိုင်းခဲ့ပြီး ဝင်းနိမ္မိတာရုံဆရာတော်နဲ့ အတူလိုက်ပါသူ ကန်သုံးဆင့်ဆရာတော်က ခြိမ်းခြောက်ခံထားရတဲ့ကြားက အမှန်အတိုင်း မိန့်ကြားမှ ပြန်လည်တောင်းပန်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။
Photo – PNLA