Homeပြည်တွင်းသတင်းရှမ်းပြည်နယ်တောင်ပိုင်းကို RCSS/SSA က ကာကွယ်မယ်လို့ ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်းကို RCSS/SSA က ကာကွယ်မယ်လို့ ကြေညာ

၂၉ ဇူလိုင်၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် RCSS/SSAက ကာကွယ်သွားမယ်လို့ RCSS ရဲ့ ဗဟိုဌာနချုပ် ၆ လပတ်အစည်းအဝေးကြေညာချက်မှာ ထည့်သွင်းကြေညာလိုက်တယ်လို့ သိရပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ ၂၀၂၄ ခုနှစ် ၆ လပတ် အစည်းအဝေးကို ဇူလိုင်လ ၂၆ က ၂၈ အထိ လွယ်တိုင်းလျဲန်းမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဒီအစည်းအဝေးကြေညာချက်မှာ အခုလို ကြေညာ တာဖြစ် ပါတယ်။

အစည်းအဝေးကြေညာချက်မှာ စစ်အာဏာသိမ်းအကျိုးဆက်ကြောင့် တိုက်ပွဲများမပြတ်ဖြစ်ပွားခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း ကြောင့် နေရာ ဒေသအသီးသီးမှာ သူခိုးဓားပြများပြားလာတဲ့အတွက် ပြည်သူလူထုတွေကို လူမှုဒုက္ခအဝဝနှင့် အခက်အခဲတွေ ကြုံတွေ့စေတယ်လို့ RCSS/SSA က ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခနဲ့အခက်အခဲတွေ ကြုံတွေ့နေရတဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး ရှမ်းပြည်တောင်ပိုင်းဒေသကို RCSS/SSA က ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

RCSS/SSA ဟာ ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ တပ်မတော်ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းမှာ SSPP/SSA နဲ့ အပစ်အခတ် ရပ်စဲထားပါတယ်။

ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA နဲ့ အပစ်အခတ် ရပ်စဲထားပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ ၁၁ ကြိမ်တိတိ တဖက်သတ်တိုက်ခိုက်ထားတာကြောင့် ၂၀၂၄ခုနှစ် ဇွန်လ ၉ ရက်မှာ SSPP/SSA က သတိပေးစာ ထုတ်ပြန် ထားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှာ RCSS/SSA က ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ် မှ ၄၅ နှစ်ရှိ ဘယ်တိုင်းရင်းသား မျိုးနွယ်စုမဆို စစ်မှုထမ်းရမယ်လို့ ကြေညာချက်ထုတ်ခဲ့တဲ့အတွက်လည်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဟာ ဝေဖန်ခံနေရပါတယ်။

ဆက်စပ် သတင်းများ

Most read