ရှမ်းတောင်/ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး၊ မိုးဗြဲကို အာရုံစိုက်နားစွင့်ပြီး လိုအပ်တာတွေ ဝိုင်းကူပေးကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁၀၀၁) တပ်ရင်း၊ ကျွဲချိုတပ်ခွဲက မနေ့က ဇူလိုင် ၃ ရက်မှာ ပြည်သူလူထုထံမေတ္တာရပ်ခံ အသိပေးထားပါတယ်။
လတ်တလော မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်တွေ ၁ နှစ်ကျော် ထိန်းချုပ်ကာကွယ်ထားတဲ့ မိုးဗြဲဒေသကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်နော်တို့ လက်ရှိတော်လှန်ရေးကို စိတ်မပျက်ဘဲ ပေးဆပ်သူရဲကောင်းတွေအတွက် ပိုပြီးအလုပ်လုပ်ရမှာဖြစ်လို့ ကျွန်တော်တို့ အရှုံးပေးလို့မဖြစ်ဘူး။ မိုးဗြဲကိုလဲ အာရုံစိုက်နားစွင့်ပြီး လိုအပ်တာတွေ ဝိုင်းကူပေးကြဖို့ မေတ္တာရပ်ခံအပ်တယ်”လို့ ဆိုပါတယ်။
ကျွဲချိုတပ်ခွဲရဲ့ အသိပေးပန်ကြားချက်မှာ ထိခိုက်ရဲဘော်တွေရှိနေကြောင်းနဲ့ ရဲဘော်တွေအတွက် ဆေးဝါးကုသစရိတ်တွေကိုအချိန်အကန့်အသတ်မရှိ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့ Page Messenger ကနေ ဖြစ်စေ၊ Telegram Channel ကနေဖြစ်စေတိုက်ရိုက် ပါဝင်အားဖြည့်နိုင်တယ်လို့ ပြည်သူလူ ထုထံမေတ္တာရပ်ခံချက်မှာ ဖော်ပြထားတာပါ။
မိုးဗြဲတိုက်ပွဲအတွင်း အမှတ်(၁၀၀၁) တပ်ရင်း၊ ကျွဲချိုတပ်ခွဲမှာရှိတဲ့ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်ဒေးဗစ်နဲ့ အသက် -၁၉ နှစ် ရဲဘော် မောင်ဝင်းကိုနိုင်တို့ဟာ ဇူလိုင် ၃၀ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသလို ယနေ့အချိန်ထိ တော် လှန်ရေးတစ်လျှောက် သူရဲကောင်း ၁၄ ဦးအထိ ပေးဆပ်အသက်ဆုံးရှုံးလိုက်ရပြီး ထိခိုက်ဒါဏ်ရာရ ကိုယ်လက်အင်္ဂါစွန့်လွတ် ရဲဘော်များစွာလည်း ရှိတယ်လို့ဆိုပါတယ်။
ဓာတ်ပုံ-မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁၀၀၁) တပ်ရင်း၊ ကျွဲချိုတပ်ခွဲ


