Homeပြည်တွင်းသတင်းရွှေရောင်းချ၊ ဝယ်ယူမှုများအပေါ်မှာ စစ်ကောင်စီ အခွန်တိုးမြှင့်ကောက်ခံမှာ ဖြစ်ကြောင်း ကြေညာ

ရွှေရောင်းချ၊ ဝယ်ယူမှုများအပေါ်မှာ စစ်ကောင်စီ အခွန်တိုးမြှင့်ကောက်ခံမှာ ဖြစ်ကြောင်း ကြေညာ

၂၉ ဩဂုတ်၊ ၂၀၂၄

ရွှေရောင်းချ၊ ဝယ်ယူမှုတွေအပေါ် အခွန်ကောက်ခံမှုကို အရင်က ၁ % ကောက်ခံရာက ၃ % တိုးမြှင့် ကောက်ခံတော့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
သြဂုတ် ၂၉ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေပြင်ဆင်သည့်ဥပဒေက ပုဒ်မ ၁၄ ပုဒ်မခွဲ (က) နဲ့ (စျ) ကို ပြင်ဆင်ကြောင်း ကြေညာပါတယ်။

ပုဒ်မ ၁၄ ပုဒ်မ ခွဲ(က)အရ ကုန်သွယ်လုပ်ငန်းခွန် နောက်ဆက်တွဲ ဇယားများ အမှတ်စဥ် ၃၉ မှာ ပါရှိတဲ့ “ရွှေစင်၊ရွှေတုံးများ၊(စံချိန်မီ ရွှေချောင်း၊ရွှေတုံး၊ရွှေဒဂ်ါများ)နှင့်” ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မူလပုဒ်မအရ “ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သော ကုန်စည်များအနက် ရွှေစင်၊ရွှေတုံးများ၊(စံချိန်မီ ရွှေချောင်း၊ရွှေတုံး၊ရွှေဒဂ်ါများ) နှင့် ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊နီလာ၊ကျောက်မျက်ရတနာ အရိုင်းထည်၊အချောထည်များ “လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၁၄ ပုဒ်မ ခွဲ(စျ)မှာ ဖော်ပြထားတဲ့ “ရွှေစင်၊ရွှေတုံးများ၊(စံချိန်မီ ရွှေချောင်း၊ရွှေတုံး၊ရွှေဒင်္ဂါးများ) နှင့်ရွှေထည်လက်ဝတ်ရတနာ ရောင်းချခြင်းမှ ရောင်းရငွေကိုလည်းကောင်း၊ ပြည်ပမှတင်သွင်းမှု အတွက်ကုန်ပေါ်အရောက် တန်ဖိုးပေါ်တွင်လည်းကောင်း” အရင်က တစ်ရာခိုင်နှုန်းကောက်ခံရာက အခု သုံးရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့ ပြင်ဆင်တဲ့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းရွှေစျေးနဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှုတန်ဖိုးဟာ စံချိန်တင်စျေးနှုန်းမြင့်တက်ခဲ့ပြီးစစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ရွှေကုန်သည်တွေနဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

သြဂုတ် ၂၉ ရက် မနေ့က ညနေဈေးကွက်မှာ ပြင်ပစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သား ၆၉ သိန်း သုံးသောင်းကျပ်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်တဲ့ ရွှေစျေးဟာ အခေါက်ရွှေတစ်ကျပ်သား ၅,၀၀၆,၇၉၃ ကျပ်ဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်တဲ့ ဥပဒေအရ အရပ်အခေါ် မီးလင်းရွှေ၊ အခေါက်ရွှေစတဲ့ စံချိန်မီ ၁၆ ပဲရည်ပြည့် အခေါက်ရွှေတွေကို ဝယ်ယူရင်လည်း တန်ဖိုးအပြင် အခွန် ၃ % ထပ်ဆောင်းပေးအပ်ရမှာဖြစ်ပြီး အသင့်လုပ်ပြီးရွှေထည်တွေကိုလည်း အလျော့တွက် လက်ခအပြင် ၃ % ထပ်ပေးရမှာ ဖြစ်ပါတယ်။

Photo – YGEA

ဆက်စပ် သတင်းများ

Most read