၂ မတ်လ ၂၀၂၆ | New Day Myanmar
မသန်စွမ်းသူတွေကို ထိခိုက်နစ်နာစေတဲ့ ပြက်လုံးတွေ ပါဝင်ခဲ့တဲ့ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပတ်သက်ပြီး သဘင်အဖွဲ့တွေကိုယ်စား ရွှေမင်းသားဖောင်ဒေးရှင်းကို ကျေနပ်တဲ့အထိ လူကိုယ်တိုင်တွေ့ဆုံပြီး ဝန်ချတောင်းပန်သွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး က အသိပေးထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီအသိပေးချက်ကို မတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရည်ရွယ်ပြီးဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ဖျော်ဖြေတင်ဆက်မှုတွေကြောင့် လူမှုအသိုင်းအဝိုင်းအချို့ စိတ်နှလုံးမချမ်းမြေ့စရာ ဖြစ်ခဲ့ရတဲ့အပေါ် တာဝန်ယူတောင်းပန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံသဘင်အစည်းအရုံးက ရွှေမင်းသားဖောင်ဒေးရှင်း ကို ဖုန်းနဲ့ ဆက်သွယ်ပြီး တောင်းပန်စကား ပြောကြားပြီးသားဖြစ်ပေမယ့်၊ ထိုက်တန်တဲ့ တာဝန်ယူမှုရှိစေရန် လူကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ကျေနပ်တဲ့အထိ ဝန်ချတောင်းပန်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောင်အနာဂတ်မှာ ဒီလို အမှားမျိုးတွေ ထပ်မံမဖြစ်ပွားစေဖို့ သဘင်ဖျော်ဖြေတင်ဆက်သူတွေကို အသိပညာပေးတာ၊ သတိပေးတာတွေကို သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ အထူးသဖြင့် မသန်စွမ်းရေးရာအဖွဲ့တွေ နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။
သဘင်ဖျော်ဖြေတင်ဆက်မှုတွေမှာ မသန်စွမ်းသူတွေကိုသာမက အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ နဲ့ လူမှုအသိုင်းအဝိုင်းအားလုံးကို ထိခိုက်စေမယ့် အပြုအမူတွေ မပါဝင်စေရန် စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်စံနှုန်းတွေကိုလည်း အလေးထားလိုက်နာဖို့ သဘင်အနုပညာရှင်အားလုံးကို တိုက်တွန်းထားပါတယ်။


