ရန်ကုန်တိုင်း ရွေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံ သားပိုင် CHI MEI Garment က စက်ရုံလုပ်သားတွေကို အချိန်ပို မိုးလင်းပေါက် (အောလင်း) အတင်းအဓမ္မဆင်းခိုင်းနေတယ်လို့ အဲဒီစက်ရုံက အလုပ်သမားတွေပြောဆိုချက်အပေါ် သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)က တဆင့်ဖော်ပြထားပါတယ်။
အဲဒီ စက်ရုံဟာ လုပ်သားအင်အား (၁,၀၀၀)ကျော်နဲ့ ကုပ်အင်္ကျီအရှည်တွေ၊ဝယ်လွန်အင်္ကျီ၊ ဖလန်ထည်အကွက်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံတစ်ရုံဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၈)ရက်နေ့ကစလို့ မိုးလင်းပေါက် တညလုံးခိုင်းစေပြီး နောက်တနေ့တွင်လည်း နားရက်မပေးဘဲ အလုပ်ထပ်မံဆင်းခိုင်းကြောင်းနဲ့ မိုးလင်းပေါက်ခိုင်းစေတာတွေကို ရက် ဆက် ခိုင်းစေလာတာကြောင့် အလုပ် သမားတွေဘက်က ကျေနပ်မှုမရှိပေမယ့် ရပ်တည်ပေးမယ့် အလုပ်သမားသမဂ္ဂလိုအဖွဲ့တွေ မရှိတော့တာကြောင့် ခိုင်းစေသမျှလုပ်နေရတယ်လို့ သိရပါတယ်။
“ပုံမှန်ဆိုရင် အောလင်းဆင်းထားတဲ့သူက မနက်တရက်နားခွင့်ရှိတယ် သူတို့ကအနားမခံဘူး အလုပ်ပြန်ဝင်ခိုင်းတယ်”လို့ လုပ်သားတဦးက ဆိုပါတယ်။
ဒါအပြင် အလုပ်သမားအရေးနဲ့ပတ်သက်လို့ တိုင်ကြားမယ်ဆိုရင်လည်း စက်ရုံဘက်ကို လာစစ်ရင် ငွေပေးရှင်းနိုင်တယ်လို့ မန်နေဂျာလုပ်သူက ပြောတယ်လို့ ဆိုပါတယ်။
“မန်နေဂျာ က ပြောတယ်။ တိုင်တဲ့ကိစ္စကဘယ်စက်ရုံမဆိုထုံးစံပဲလို့ပြောတယ်။အလုပ်သမားတွေက တောင်းဆိုစရာရှိရင်တိုင်မှာပဲ ရုံးကလဲလာစစ်စရာရှိရင်စစ်မှာပဲ။ သူဌေးကပိုက်ဆံပေးလိုက်ရင်ပြန် သွားရောလို့ပြောပါတယ်။ မန်နေဂျာက Otမဆင်းတဲ့သူကို ဂရိတ်ကြေးဖျက်မယ်လို့လဲပြောတယ်။ အခုလိုပြောတဲ့စကားကိုရုံးကလာလို့ရှင်းမယ်ဆိုလဲရှင်းရဲတယ်လို့ပြောပါတယ်။ တိုင်ခဲ့ရင်လဲ အထက်ကလူကြီးတွေကအလုပ်တွေဖိခိုင်းလိမ့်မယ်လို့လဲပြောပါတယ်” လို့ အလုပ်သမားတွေရဲ့ ပြောပြချက်ကို STUM က မျှဝေထားတာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုင်း စစ်တပ်က အလုပ်သမားသမဂ္ဂအဖွဲ့အစည်းဝင်တွေကိူ ဖမ်းဆီးထောင်ချတာတွေရှိတဲ့အပြင် စက်ရုံတွေမှာအလုပ် သ မားအရေးဆောင်ရွက်တဲ့အဖွဲ့အစည်းတွေကို တားမြစ်ပိတ်ပင်ထားတာကြောင့် အလုပ်သမားထုအကြား နစ်နာမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတာဘဲ ဖြစ်ပါတယ်။
ဓာတ်ပုံ- New Day Myanmar (AI generated)


