၂၃ အောက်တိုဘာ၊ ၂၀၂၄
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းမှာ ရွှေဆိုင်က သိမ်းပြီးပြန်လာတဲ့ကားကို နေအိမ်ရှေ့ရောက်မှ သေနတ်နဲ့ပစ်ခတ်လုယက်ခံရပြီး ရွှေငါးပိဿာ ပါသွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက်၊ ညနေ ၆ နာရီဝန်းကျင်က ကမာရွတ်မြို့နယ်၊ ရန်ကုန်အင်းစိန်လမ်းမကြီးနဲ့ ဆင်ရေတွင်းလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ မြရွှေယုံရွှေဆိုင်က ရွှေငါးပိဿာကို သံသေတ္တာသုံးလုံးနဲ့ ထည့်ပြီး ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ရှိရာ အမှတ် ၂ ၊ အေးရိပ်မွန်လမ်းမကြီး ၊ ၄ ရပ်ကွက်၊ လှိုင်မြို့နယ်ကို ကားနဲ့ပြန်ပို့ရာမှာ နေအိမ်ခြံရှေ့ရောက်မှ သေနတ်နဲ့ပစ်ခတ် လုယက်တာ ဖြစ်တယ်လို့ သိရပါတယ်။
” ဆိုင်ရှင်က အမျိုးသမီးလို့ သိရတယ်။ အိမ်ရှေ့ရောက်မှ အလုခံရတာဆိုတော့ သိသူပဲ ဖြစ်မှာပေါ့။ ရန်ကုန်မြို့ပေါ် သေနတ်ကိုင်ရဲတာ ဘယ်သူရှိလို့လဲ။ မန္တလေးမှာလိုပဲ ပျူနဲ့ပြည်သူ့စစ်တွေလက်ချက်ပဲနေမယ်” လို့ လှိုင်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။
လိူင်မြို့နယ်ရဲစခန်းက အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်နေပေမယ့် လုယက်သူတွေကို မဖမ်းမိသေးဘူးလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ တာမွေက TK ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း ၁၉ ကျပ်သားနဲ့ငွေသိန်း ၆၅၀ ကျော်ပါသွားပြီး တရားခံမမိသေးပါဘူး။
၂၀၂၃ ခုနှစ်အတွင်းကလည်း ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်၊ ဗဟိုလမ်းမကြီး ရွာမကွေ့အနီးက TT Diamond စိန်ရွှေဆိုင်ကို နှစ်ခါပြန် ဓားပြတိုက်ခံရပြီး တရားခံ ဖမ်းမိခြင်း မရှိခဲ့ပါဘူး။ ၂၀၂၃ ခုနှစ်မှာပဲ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်စျေးက ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ ဆိုင်ရှင်အမျိုးသားကို ဖမ်းဆီးသတ်ဖြတ်ကာ ရွှေတွေလုယက်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအဖွဲ့ (YGEA)ကတော့ ရွှေဆိုင်ပိုင်ရှင်များအနေနဲ့ ဆိုင်မှာ CCTV တပ်ဆင်ထားသလို နေအိမ်နဲ့ပတ်ဝန်းကျင်မှာ CCTV တပ်ဖို့၊ ကားတွေမှာ ကင်မရာတပ်ဆင်ဖို့နဲ့ GPS စနစ် တပ်ဆင်ဖို့ သတိပေးထားပါတယ်။
Photo – CJ