၂၁ ဇန်နဝါရီ ၂၀၂၆
စစ်တပ်က ပြုလုပ်နေတဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေကို နှောင့်ယှက်ဖျက်ဆီးခဲ့သူ အယောက် ၄၀၀ ကျော်ကို ဖော်ထုတ်အရေးယူထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်က ကျင်းပခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီရဲ့ သတ္တမအကြိမ် အစည်းအဝေးအတွင်း သူက အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဘက်က ထုတ်ပြန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ “ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” အရ အရေးယူထားသော အမှုအရေအတွက် ၃၃၁ မှု ရှိပြီး အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ ဦး စုစုပေါင်း ၄၀၄ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။
ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေ၊ ဝါဒဖြန့်မှုတွေ ပြုလုပ်နေသူတွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့ပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၂ ပိုင်းအတွင်း နှောင့်ယှက်ဖျက်ဆီးမှုတွေ ရှိခဲ့ပေမယ့် မဲပေးသူတွေအနေနဲ့ လွတ်လပ်စွာ ဆန္ဒအလျောက် တက်ကြွစွာ မဲလာပေးခဲ့ကြောင်း ပြောဆိုထားပြီး အပိုင်း ၁ မှာ မဲပေးသူ ရာခိုင်နှုန်း ၅၂ ဒသမ ၁၃၊ အပိုင်း ၂ တွင် ၅၅ ဒသမ ၉၅ အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုများကတော့ စစ်တပ်ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်သော အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဟုတ်ကြောင်း ဝေဖန်ပြောဆိုထားပါတယ်။
ပုံစာ – စစ်ကော်မရှင်ကပြုလုပ်တဲ့ပပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ပုံဟောင်း)
ဓါတ်ပုံ – စစ်ကော်မရှင်


