Homeပြည်တွင်းသတင်းရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင်က တရုတ်ခရီးစဉ်မှာ ကြေညာ

ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင်က တရုတ်ခရီးစဉ်မှာ ကြေညာ

၈ ဇူလိုင်၊ ၂၀၂၄

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံခိုက်မှာ ကြေညာခဲ့ပါတယ်။

ပြည်တွင်းမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး တော်လှန်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီ စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်နေချိန်မှာပဲ တရုတ်ခရီးစဉ်အတွင်း သူက အဲ့လိုပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ၊ ချင်းတောင်မြို့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို တက်ရောက်ဖို့ စစ်ကောင်စီ ဒုခေါင်းဆောင်ဟာ ဇူလိုင်လ ၆ ရက်မှာ နေပြည်တော်က ထွက်ခွာတာ ဖြစ်ပါတယ်။

ဇူလိုင် ၇ ရက်မှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို တက်ရောက်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအပြင်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်နဲ့ပတ်သတ်ပြီးလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့ နဲ့ ဇူလိုင် ၇ ရက် နှစ်နိုင်ငံ သီးခြားတွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တာလို့ စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေက ထုတ်ပြန်ပါတယ်။

နယ်စပ်တလျှောက်က လုံခြုံရေးကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ အွန်လိုင်းလောင်းကစား နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စီမံကိန်းတွေအကြောင်း ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၄ ဇူလိုင်လကုန်မှာ အရေးပေါ်ကာလကြေညာချက်သက်တမ်းပြည့်မှာ ဖြစ်ပြီး တရုတ်နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဖွဲ့တွေ အရေးနိမ့်နေတာမို့ စစ်ကောင်စီ ဒုခေါင်းဆောင်ကိုယ်တိုင်ရဲ့ ခရီးစဉ််မှာ သွားရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဇွန်လနောက်ဆုံးပတ်မှာ သမ္မတဟောင်း ဦးသိန်းစိန် ဘေဂျင်းကိုသွားခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read