ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံထားရတဲ့အထဲက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦးတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးတွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
လွန်ခဲ့တဲ့ရက် နိုဝင်ဘာ ၁၉ ရက်က ရန် ကုန်တိုင်း ၊ လှိုင်သာယာအနောက် မြို့ နယ်နဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် တရားရုံးက အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း နဲ့ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ်တို့ကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)အရ အမှု ၇ ခုနဲ့စွဲချက်တင်ပြီး စုစုပေါင်း ထောင် ဒဏ် ၄၉ နှစ်စီချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အသက် ၁၉ နှစ်အရွယ် မယမင်းထက်ကိုတော့ ပုဒ်မ ၂၃( က) အရ အမှုခြောက်မှုစွဲချက်တင်ခဲ့ပြီးထောင်ဒဏ် ၄၂ နှစ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ ၄ ဦးဟာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာတွေ လိုက်ကပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးပြီး နှစ်လအကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုနည်းတူဘဲ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ကိုရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ မော်လမြိူင်ခရိုင်တရားရုံးထောင်ဒဏ် ၁၇ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဦးကျော်မြင့်ဟာ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားတဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲ ဖျက်ဆီးခဲ့တဲ့အတွက် အခုလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။
စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ် ဆောင်တာကြောင့် ဖမ်းဆီး၊ အရေးယူခံရသူကတော့ ၁၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ စစ်ကော်မရှင်လက်အောက် ခံပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုံစာ – ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ပျက်စီးနေပုံ
ဓာတ်ပုံ-CJ


