မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ ပဲခူးတိုင်းထဲက မြို့နယ် ၃ မြို့နယ်ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်း ပဲခူးတိုင်းစစ်ဌာနက ဒီနေ့မှာ သတင်း ထုတ်ပြန်လာပါတယ်။
အဲဒီတိုက်ခိုက်တဲ့နေရာ ၃ နေရာဟာ ထန်းတပင်၊ ဖြူးနဲ့ ပေါင်းတည်မြို့နယ်တွေအတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ထန်းတပင်မြို့နယ်က ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိူ တိုက်ခိုက်ခြဲတာလို့ဖော်ပြထားပါတယ်။
ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်
ရေးမှူးရုံးကို တိုက်ခိုက်ရာမှာ ခရိုင်အဆင့် လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး သေဆုံးပြီး ၊ ဌာနဆိုင်ရာဝန်ထမ်းအများအပြားထိခိုက်တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဆိုပါတယ်။
ဒါအပြင် ထန်းတပင်မြို့နယ်ရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့ပြီး စစ်အုပ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က ဖြူးမြို့နယ်လမ်းပိုင်းမှာရှိတဲ့ ဆာဂွန်းအထိုင်စခန်းတိုက်ခိုက်မှုမှာလည်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပေါင်းတည်ဘက်မှာတော့ ရွေးကောက်ပွဲလုံခြုံရေးယူနေတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေကို နေရာ ၃ ခုမှာ တိုက်ခိုက်ခဲ့သလို ပေါက်တောရွာက စစ်တပ်ခြေမြန်တပ်ရင်း ခမရ ၁၀ ကိုလည်း တိုက်ခိုက်ခဲ့ တယ် လို့ ဆိုပါတယ်။
ပဲခူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေအတွင်းမှာ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် စစ်တပ်စခန်းအနီးကို မလိုအပ်ဘဲ သွားရောက်တာမလုပ်ဖို့ ပဲခူးတိုင်းစစ်ဌာနက သတိပေးထားပါတယ်။
ဓာတ်ပုံ-ပဲခူးတိုင်းစစ်ဌာနချုပ်


