၇ နိုဝင်ဘာ၊ ၂၀၂၄
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုပါတယ်။
နိုဝင်ဘာ ၆ ရက်မှာ ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အနိုင်ရရှိသွားတာ ဖြစ်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက ထရမ့်အစိုးရ ပြန်လည်ဦးဆောင်မယ့် အမေရိကန် နဲ့ ခိုင်မာတဲ့ဆက်ဆံရေးဆက်ပြီးတည်ဆောက်သွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာတော့ မြန်မာပြည်သူပြည်သားတွေအရေးအပြင် NUG၊ NUCC၊ CRPH၊ CDM တွေအပါအဝင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှု အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးဖို့ Burma Act ဥပဒေအတိုင်း လုပ်ဆောင်ပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်ခဲ့ပြီး နောက်လေးနှစ်အကြာမှာ သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်တွင်းရေးကိုပဲ အာရုံစိုက်သူမို့ မြန်မာ့အရေးကို ကူညီနိုင်ချေနည်းတယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။
မြန်မာအခြေစိုက် အမေရိကန်သံရုံးရဲ့ အကြီးအကဲ ဆူဇန်အန်စတီဗီဆင်ကတော့ ဘယ်သူပဲနိုင်နိုင် အမေရိကန်ရဲ့ ရှိရင်းစွဲ မူဝါဒကတော့ ပြောင်းသွားမယ်လို့ မထင်ကြောင်း အမေရိကန် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၆ ရက်က ပြောဆိုပါတယ်။
Photo – ယာယီသမ္မတ ဒူဝါလရှီးလ X လူမှုကွန်ယက်