စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲဇာတ်ကားရိုက်ကူးဖို့ ငြင်းဆန်တယ်လို့ဆိုကာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဖွေးဖွေး ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီသတင်းနဲ့အတူ “လေးစားပါတယ် ဖွေးဖွေးရေ ရွေးကောက်ပွဲကို လူတွေ အား လုံးက ဆန့်ကျင်ကြတာပါ”ဆိုတဲ့ မှတ် ချက်နဲ့ အခြား မှတ်ချက်ပြုရေးသားမျှဝေနေတာတွေကိုလည်း တွေ့မြင်ရပါတယ်။
ဒါ့အပြင် ဖွေးဖွေးနဲ့အတူ သရုပ်ဆောင် အလင်းရောင်ကိုလည်း ပြန်ကြားရေးဝန် ကြီးဌာနက ဆက်သွယ်ပေမယ့် ပြန်လည်လက်ခံပြောကြားတာမရှိတာဟာ မလေးမစားလုပ်ရာကျတယ်လို့ စစ်တပ်လော်ဘီ ကျော်မျိုးမင်းက ပြောဆိုထားတာကိုလည်း တွေ့မြင်ရပါတယ်။
စစ်တပ်လော်ဘီ ကျော်မျိုးမင်းဟာ သရုပ်ဆောင်ဖွေးဖွေးနဲ့ အလင်းရောင်တို့အပေါ် ဖမ်းဆီးခံရနိုင်တဲ့ စကားတွေနဲ့လှုံ့ဆော်ထားတာကို တွေ့ရပါတယ်။
“ဒီနှစ်ယောက်က နိုင်ငံတော်ကို ပူးပေါင်းကူညီဖို့ကျတော့ ပူပေါင်းလာတာမရှိဘဲ။ ဒီနှစ်ယောက်က ဘာလုပ်ခဲ့လဲဆိုရင် ဖွေးဖွေးက သူ CDM လှုပ်ရှားမှုကို လှုံဆော်အားပေးတယ်။ စစ်တပ်ကို ရစရာမရှိအောင်ဝေဖန်ပြောဆိုတယ်။ တည်ဆဲအစိုးရအပေါ်ပြောဆိုခဲ့တာ မျိုးစုံလုပ်ခဲ့တယ်”စတဲ့ ပြောဆိုတာတွေ အပြင် အခြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိပါးပြောဆိုချက်တွေနဲ့လည်း လှုံဆော်ခဲ့ပါတယ်။
အခုလိုဖမ်းဆီးခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး New Day Myanmar ကအတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။


