Homeပြည်တွင်းသတင်းရွေးကောက်ပွဲက ထွက်ပေါ်လာမယ့်အစိုးရကို အာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ပြောဆို

ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့်အစိုးရကို အာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်ပြောဆို

၄ ဇန်နဝါရီ၊ ၂၀၂၅

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့်အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ဖို့အတွက် ဆက်ပြီးဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် က လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ ရွေးကောက်ပွဲကထွက်ပေါ်လာမယ့်အစိုးရကို အာဏာလွှဲပေးမယ်လို့ ပါဝင်ပြီး ဒီအချက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်လပ်ရေးနေ့မှာ ထပ်ပြီးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြီး ၂၀၂၄ သန်းခေါင်စာရင်းကရရှိတဲ့ အတည်ပြုလူဦးရေစာရင်းကို မဲစာရင်းပြုစုနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

”လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူး” လို့ ပြောဆိုထားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကမ်းလှမ်းဖိတ်ခေါ်နေတယ် လို့ ထပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအမြင်မတူညီမှုတွေကို အခြေခံပြီး တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်လို့ ပေါ်ပေါက်တာလို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေ နေအိမ်စွန့်ခွာ ဒုက္ခရောက်နေရတာဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုကြောင့်လို့ သူက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ လက်ရှိမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကို လက်လွှတ်ဆုံးရှုံးထားပြီး မြန်မာနိုင်ငံ မြို့ပေါင်း ၉၄ မြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လက်အောက်ကို ကျရောက်ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read