၂၀ ဇန်နဝါရီ၊ ၂၀၂၅
ဇန်နဝါရီ ၁၉ ရက်မှာ မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပွဲပြုလုပ်ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ထက် အပစ်အခတ်ရပ်စဲပြီးတွေ့ဆုံဆွေးနွေးရေးတွေ စတင်ဖို့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တိုက်တွန်းခဲ့ကြပါတယ်။
ပြည်တွင်းစစ်ကျယ်ပြန့်နေတာကြောင့် ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အစီအစဉ်ဟာ လက်တွေ့နဲ့ ကင်းကွာနေတဲ့အတွက် တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ပြီး အားလုံးပါဝင်နေတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ စတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောဆိုပါတယ်။
ဒီအစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ပေမယ့် စစ်ကောင်စီနဲ့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပြုထားပြီး နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်သူကိုသာ တက်ရောက်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ သူက ဒီနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအကြောင်းအချက်အလက်တွေ စုစည်းပြီး တင်ပြခဲ့တယ်လို့ သိရပါတယ်။
“ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမယ်လို့ ကျွန်တော်တို့ ပြောထားပါတယ်။ ရွေးကောက်ပွဲက စစ်ကောင်စီနဲ့ သူတို့လူတွေချည်း သီးခြားဖြစ်လို့မရပါဘူး။ ပါသင့်သူတွေ အားလုံး ပါဝင်ရွေးကောက်ခံခွင့်ပေးရမှာပါ” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
“ရွေးကောက်ပွဲဟာ ကျွန်တော်တို့ ဦးစားပေးမဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကသာ ကျွန်တော်တို့ ဦးစားပေးဖြစ်ပါတယ်”လို့ သူက ဆက်ပြီး ပြောသွားပါတယ်။
အိမ်ရှင်မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကိုယ်စားလှယ်ကို မြန်မာနိုင်ငံအတွင်း လူသားချင်းအကူအညီတွေ အဟန့်အတားမရှိပေးအပ်ဖို့ကိုလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တောင်းဆိုပါတယ်။ မြန်မာနိုင်ငံ လူဦးရေ ရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ သန်း ၂၀နီးပါးဟာ လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ကြေညာထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို သူတို့ဆီကတဆင့် ပေးခွင့်ပြုထားပြီး စစ်ရှောင်စခန်းနဲ့ စစ်သုံ့ပန်းစခန်းတွေကိုပါလေကြောင်းက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အာဆီယံ