Homeပြည်တွင်းသတင်းရွေးကောက်ပွဲကို အာဆီယံ အသိအမှတ်မပြုကြောင်း မလေးရှားအတည်ပြု

ရွေးကောက်ပွဲကို အာဆီယံ အသိအမှတ်မပြုကြောင်း မလေးရှားအတည်ပြု

၂၀ ဇန်နဝါရီ ၂၀၂၅

မြန်မာစစ်ခေါင်းဆောင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲကို အာဆီယံ (ASEAN) အနေနဲ့ အသိအမှတ်ပြုထောက်ခံမည်မဟုတ်သလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ပေးရန် တောင်းဆိုချက်ကိုလည်း ပယ်ချထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့က ကျင်းပတဲ့ မလေးရှားလွှတ်တော် အစည်းအဝေးအတွင်း ဝန်ကြီးက အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ ၂၀၂၅ ခုနှစ် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့စဉ်ကတည်းက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ရပ်တည်ချက်ကို အဓိက ဦးဆောင် ကိုင်တွယ်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာဘက်က ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ပေးရန် ကွာလာလမ်ပူ ထိပ်သီးညီလာခံတွင် တောင်းဆိုခဲ့ပေမယ့် အာဆီယံက ငြင်းဆန်ခဲ့ကြောင်း ဝန်ကြီးက ဆိုပါတယ်။

“အာဆီယံအနေနဲ့ စောင့်ကြည့်ရေးအဖွဲ့ မလွှတ်ဘူးလို့ ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုပါဘူး” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ဟာ စစ်ကော်မရှင်ဘက်က နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိစေရန် ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲရဲ့ စစ်မှန်မှုအပေါ် မေးခွန်းထုတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကလည်း ဒီရွေးကောက်ပွဲဟာ တရားဝင်မှုရဖို့ ကြိုးပမ်းမှုတစ်ရပ်သာဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ မဟုတ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ စုပေါင်းဆုံးဖြတ်ချက်အဖြစ် အသိအမှတ်မပြုဖို့ ဆုံးဖြတ်ထားပေမယ့် အဖွဲ့ဝင်နိုင်ငံအချို့ကတော့ သီးခြားဆုံးဖြတ်ချက်ဖြင့် စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

အာဆီယံရဲ့ စုပေါင်းရပ်တည်ချက်ကတော့ ဒီရွေးကောက်ပွဲကို လက်မခံရန်ပဲ ဖြစ်တယ်လို့ မလေးရှားဘက်က အတည်ပြု ပြောကြားထားပါတယ်။

ဓါတ်ပုံ – REUTERS

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး