အခုပြုလုပ်မယ့် ရွေးကောက်ပွဲပြီးသွားလို့ အစိုးရသစ်တက်လာရင် အဲ့ဒီအစိုးရက ရာနှုန်းပြည့်ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲဆက်လုပ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန ၁ မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်တိုက်မှု ရပ်စဲရေးစာချုပ် (NCA)အခမ်းအနားမှာ စစ်ခေါင်းဆောင်က ခုလိုပြောလိုက်တာဖြစ်ပါတယ်။
“ရာနှုန်းပြည့်တော့ ကျွန်တော်တို့ မရဘူးဆိုတာ ကြိုတင် ကျွန်တော် ဝန်ခံထားပါတယ်။ ရာနှုန်းပြည့်တော့ ရွေးကောက်ပွဲ သုံးရပ်လုံးမှာလည်း ရာနှုန်းပြည့် မလုပ်နိုင်ခဲ့ပါဘူး။ ရွေးကောက်ပွဲကို ရာနှုန်း ပြည့်မလုပ်နိုင်တောင်မှ ကျန်တဲ့အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တဲ့ရွေးကောက်ပွဲကိုလည်း နောင်လာမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်ကြရင် ဖြည့်ဆည်းပြီးတော့မှ အား လုံးပြည့်စုံအောင်လုပ်ဖို့ ဒါလည်း ကျွန် တော်တို့ စဉ်းစားထားတယ်ဆိုတဲ့အ ကြောင်းလည်း ကျွန်တော် ပြောလိုပါတယ်”လို့ သူကပြောပါတယ်။
ပထမအကြိမ်ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာလ ၂၈ ရက်က စတင်ကျင်းပမှာဖြစ်ပြီး မြို့နယ်ပေါင်း ၁၀၀ မှာဒုတိယအကြိမ်ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကလည်း ဒီဇင်ဘာ ၂၈ ရက်မှာ ပထမအကြိမ် ရွေးကောက်ပွဲလုပ်မှာဖြစ်ပြီး အပိုင်းလိုက် ကျင်းပမယ်လို့ပြောထားပါတယ်။ နောက်ဆက်တွဲ ဘယ်လို လုပ်မယ်ဆိုတာကိုတော့ အသေးစိတ်မပြောထားပါဘူး။
အခု အောက်တိုဘာလကုန်မှာ မလေးရှားနိုင်ငံမှာပြုလုပ်မယ့် ထိပ်သီးအစည်း အဝေးမှာ အာဆီယံနိုင်ငံတွေကစစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့် ကျင်ကြောင်း ပြသဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က မနေ့က ထုတ်ပြန်လာပါတယ်။
ဒီကနေ့ စစ်ကော်မရှင် ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ NCA မှာ လက် မှတ်ရေးထိုးခဲ့ကြတဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ကလည်းအောက် တိုဘာ ၁၃ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- MOI


