၁၉ နိုဝင်ဘာ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီစစ်ကြောင်းထိုးရင်း ရွာတွေကို မီးရှို့ဖျက်ဆီးခခဲ့တာကြောင့် ၂ရက်အတွင်း ကျေးရွာ ၉ရွာက နေအိမ် ၁၇၀ကျော် ပြာကျပြီး ဒေသခံပြည်သူ ၂ ဦးကိုသတ်ဖြတ်သွားကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၆ရက်နဲ့ ၁၇ ရက်တွေမှာ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၈၀လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်၊ မြောက်ဘက်ခြမ်းက ကျေးရွာ ၇ရွာ နဲ့ တန့်ဆည်နယ်အရှေ့ခြမ်းက ကျေးရွာ၂ရွာ စုစုပေါင်း ကျေးရွာ ၉ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၇၃ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဆီဆုံကျေးရွာက ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးက စျေးဆိုင်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒဏ်ရာရသူ ၇ဦး ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
နိုဝင်ဘာ၁၈ ရက်မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်က ခရီးသည်တင်ယာဉ် ၂စီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တဲ့အတွက် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ခရီးသည် သုံးဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှဒေသခံအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – မီးရှို့ခံလိုက်ရတဲ့ ပေကုန်းရွာကို မြင်ရစဉ်
Photo – 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞