Homeပြည်တွင်းသတင်းရေဘေးကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၂၂၆ ဦးအထိရှိလာပြီး လူ ၇၀ ကျော် ပျောက်ဆုံးနေ

ရေဘေးကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၂၂၆ ဦးအထိရှိလာပြီး လူ ၇၀ ကျော် ပျောက်ဆုံးနေ

၁၇ စက်တင်ဘာ၊၂၀၂၄

ရေဘေးကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ ၂၂၆ ဦးရှိနေပြီး ၇၇ ဦးပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးခဲ့ ပြီး လူနေအိမ် ၂,၁၁၆ လုံး ပျက်စီးခဲ့သလို ရေနှစ်မြုပ်တဲ့အိမ်ခြေ ၁ သိန်းခွဲကျော်ရှိတယ်လို့ စစ်ကောင်စီ ကဖော် ပြပါတယ်။

ရေဘေးကြောင့် ဘာသာရေးအဆောက်အဦ ၃၈၆ လုံး၊ စာသင်ကျောင်း ၁,၀၄၀ နဲ့ ရုံးဌာန အဆောက်အဦ ၁၁၇ လုံး ပျက်ဆီးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၆ သိန်းကျော်နဲ့ တိရိစ္ဆာန် အကောင် တစ်သိန်းနှစ်သောင်းကျော် သေဆုံးခဲ့ တယ်လို့လည်း ဆိုပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းအထိ ရေဘေးသင့်ပြည်သူ ၁ သိန်း ၆ သောင်းကျော် ရှိနေပြီး ကယ်ဆယ် ရေး စခန်း ၄၃၈ ခု အထိ ဖွင့်ထားရတယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားပြီး အဆိုပါနေ့ အထိကောက် ယူထားတဲ့ စာရင်းတွေအရ ပြည်သူ ၂၂၆ ဦးသေဆုံးပြီး ၇၇ ဦးပျောက်ဆုံးခဲ့ကြောင်း၊ စုစုပေါင်း သေဆုံးသူနဲ့ ပျောက်ဆုံးသူ ၃၀၃ ဦးရှိကြောင်း၊ တိရိစ္ဆာန်သေဆုံးမှုအနေဖြင့် စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ကြောင်း၊ စိုက်ပျိုးရေဧရိယာ ပျက်စီးအနေဖြင့် စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ပျက်စီးခဲ့ရကြောင်း သိရှိရ ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှု များ ဖြစ်ပွားခဲ့ကြောင်း၊ နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းနှင့် ဧရာ၀တီတိုင်းတို့ရှိ မြို့နယ် ၅၆ ခုတို့တွင် ရေကြီးရေလျှံမှုများ၊ တောင်ကျချောင်းရေ ရုတ်တရက်ဝင်ရောက်စီး ဆင်းတိုက်စားမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ တွေရဲ့ စိုးရိမ်ရေအမှတ်ထက်မှာ ဆက်ရှိနေပြီး သံလွင်မြစ် ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၄ ပေခွဲကျော်အထိ ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသ ဌာနက စက်တင်ဘာ ၁၇ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ပုံစာ – (ပဲခူးမြို့ ရေကြီးနှစ်မြုပ်နေမှုများ)
Photo – MFSD

ဆက်စပ် သတင်းများ

Most read