Homeပြည်တွင်းသတင်းရေကြီးမှုကြောင့် သေဆုံးပျောက်ဆုံးသူဦးရေ ၅၂၀ အထိ ရှိနေပြီလို့ စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်း ပြောဆို

ရေကြီးမှုကြောင့် သေဆုံးပျောက်ဆုံးသူဦးရေ ၅၂၀ အထိ ရှိနေပြီလို့ စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်း ပြောဆို

၁၄ အောက်တိုဘာ၊ ၂၀၂၄

စက်တင်ဘာလ အတွင်း တိုက်ခတ်ခဲ့တဲ့ ယာဂီမုန်တိုင်း အရှိန်ကြောင့် မိုးကြီးမိုးသည်းထန်ခဲ့ပြီး သေဆုံးပျောက်ဆုံးသူ ဦးရေ ၅၂၀ ရှိတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းတွေက ရေးသားဖော်ပြပါတယ်။

အောက်တိုဘာ ၁၃ ရက်က နေပြည်တော်မှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး ဒီအခမ်းအနားကို စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စိုးဝင်းက တက်ရောက်လာပါတယ်။

ဒီသေဆုံးပျောက်ဆုံးစာရင်းဟာ ယာဂီ မုန်တိုင်းတိုက်ခတ်မှုအပြီး တစ်လအကြာမှ စစ်ကောင်စီက ထုတ်ပြောတာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းက အိမ်ထောင်စု ရှစ်သောင်းကျော်လူဦးရေအနေနဲ့ တစ်သန်းနီးပါး ရေဘေးကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးမွေးမြူရေး တိရစ္ဆာန် ၂ သန်းကျော် သေဆုံးခဲ့ပြီး စပါးနဲ့ သီးနှံစိုက်ဧက ခုနစ်သိန်းကျော်လည်း ထိခိုက်ခဲ့ရတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုသွားပါတယ်။

စစ်ကောင်စီဟာ ရေဘေးသင့်သူတွေအတွက် လုပ်ငန်းရှင်များဆီက အလှူငွေ မြန်မာငွေကျပ် ၅၂ ဘီလီယံကျော်အထိ ရရှိထားတယ်လို့ တတိယအကြိမ် အလှူငွေ ကောက်ခံပွဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရားဝင် ထုတ်ပြောထားပါတယ်။ ဒီကူညီငွေတွေကို အသက်ဆုံးရှုံးသူတွေအတွက် ဦးစားပေးထောက်ပံ့ခဲ့ပြီး ပျှမ်းမျှတစ်ဦးကို ငွေကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဒုတိယစစ်ခေါင်းဆောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး နိုင်ငံတကာသဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ ဝါရင့်အတွေ့အကြုံရှိ ပြည်တွင်းပညာရှင်တွေဦးစီးပြီး ဘေးအန္တရာယ်ပြမြေပုံ(Hazard Map)နဲ့ ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) ရေးဆွဲပြုစုဖို့ စတင်နေပြီလို့ သူက ဆက်ပြောပါတယ်။

ပုံစာ – ၂၀၂၃ ခုနှစ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအခမ်းအနားကို တက်ရောက်ခဲ့သော ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း (ပုံဟောင်း)

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read