၆ ဖေဖော်ဝါရီ ၂၀၂၆
ရုရှားစစ်ဘက်ထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဇီယက်ဗ် ဟာ သောကြာနေ့က မော်စကို မြို့မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ဟာ မော်စကိုမြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ လူနေအိမ်ရာအဆောက်အအုံအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားကတော့ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး အလက်ဇီယက်ဗ်ဟာ ရုရှားစစ်ဘက် စစ်ဦးစီးချုပ်ရုံးအောက်ရှိ ပင်မညွှန်ကြားရေးမှူးရုံးဖြစ်တဲ့ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ GRU မှာ အဆင့်မြင့်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်က ဗြိတိန်နိုင်ငံ Salisbury မြို့မှာ ဖြစ်ပွားခဲ့တဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်သုံးတိုက်ခိုက်မှု (nerve agent attack) အမှုနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ ရုရှားစစ်ထောက်လှမ်းရေး GRU ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဥရောပသမဂ္ဂ (EU) ရဲ့ အရေးယူပိတ်ဆို့မှု ခံထားရသူလည်းဖြစ်ပါတယ်။
ဒီလို စစ်ဘက်ထောက်လှမ်းရေး ထိပ်တန်းအရာရှိတစ်ဦးကို မော်စကိုမြို့အတွင်းမှာ တိုက်ခိုက်ခံရတာဟာ ရုရှားနိုင်ငံအတွင်း လုံခြုံရေးအခြေအနေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပြီး တိုက်ခိုက်မှုနောက်ကွယ်က လက်သည်ကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။


