၂၁ ဇန်နဝါရီ ၂၀၂၆
ရုပ်ရှင်သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို Sex Dance အကနဲ့ ဖျော်ဖြေခဲ့တဲ့ဖြစ်စဥ်အပေါ်အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ကမာရွတ်မြို့မရဲစခန်းရဲ့ ကနဦး တိုင်ကြားချက်လက်ခံဖွင့်ထားမှုအရ သိရပါတယ်။
အမှုအတွက် ကမာရွတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၉၄(က)/၁၁၄နဲ့ အမှုဖွင့်ထားပြီးဖြစ်ပေမယ့် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို မဖမ်းဆီးရသေးဘူးလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၅ရက်က NOVOTEL HOTEL Yangon Ballroom ခန်းမမှာ ပွဲ လမ်းသဘင်ပြုလုပ်ဖို့ ခွင့်ပြုမိန့်တင်ပြတောင်းခံတာမျိုးမရှိဘဲ Cloud Seven Production & Entertainment Founder & CEO ကိုဇွဲခန့်အောင်ဆိုသူရဲ့မွေးနေ့ပွဲနဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာရှင် မိတ် ဆက်ပွဲမှာ သဉ္ဇာဝင့်ကျော်က မြန်မာ့ရိုး ရာယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး အများပြည်သူအမြင်မတင့်တယ်ဖွယ်ရာ အဝတ် အစားတွေဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့အက (Sex Dancer) ကပြဖျော်ဖြေခဲ့တယ်ဆိုပြီး စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာပါ။
လတ်တလောမှာ သဉ္ဇာဝင့်ကျော်အပါအဝင် အကအဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို စုံစမ်းဆဲနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအပြင် ပွဲစီစဉ်သူတွေဘက်ကလည်း ကြိုတင်ခွင့်ပြုမိန့်ရယူထားတာမျိုးမရှိတဲ့အတွက် ပါဝင်ပတ်သက်သူအားလုံးကိုပါ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ဟာ ၂၀၂၂ ခုနှစ်အတွင်းကလည်း အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) နဲ့ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
သူဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာမှ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ခုလွတ်မြောက်ပြီးတနှစ်အကြာမှာ ထပ်မံအမှုဖွင့်ခံရတာလည်း ဖြစ်ပါတယ်။
အဲဒီစွဲဆိုထားတဲ့ ပုဒ်မ ၂၉၄ (က) ဟာ အများပြည်သူရှေ့မှောက်မှာ ရိုင်းစိုင်းစွာပြုမူတဲ့အတွက်ထောင်ဒဏ် ၃ လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပြီး အာမခံရရှိနိုင်တဲ့ ပုဒ်မအမျိုးအစားဖြစ်ပါတယ်။
ဓာတ်ပုံ – သဉ္ဇာဝင့်ကျော်နဲ့အဖွဲ့ ဖျော်ဖြေနေစဉ်။


