Homeအထူးသတင်းရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်အပါအဝင် ဘဏ် ၇ ခုကို စစ်ကောင်စီ အရေးယူမယ်လို့ဆို

ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်အပါအဝင် ဘဏ် ၇ ခုကို စစ်ကောင်စီ အရေးယူမယ်လို့ဆို

၁ ဇူလိုင်၊ ၂၀၂၄

ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနဲ့ အဆိုပါ ဘဏ်တွေက တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၁ ရက် ညပိုင်း သတင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီပုဂ္ဂလိကဘဏ် ၇ ခုဟာ အိမ်ရာချေးငွေတွေကို အများအပြားထုတ်ချေးထားပြီး ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန် ထုတ်ချေးထားတယ်လို့ စစ်ကောင်စီက အကြောင်းပြချက်ပေးပါတယ်။

ရိုးမဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းကျော်လွန်ပြီး အိမ်ရာချေးငွေတွေ ထုတ်ချေးထားကြောင်း၊ မြန်မာနိုင်ငံသားများဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၈ ဒသမ ၉၄ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း၊ ဧရာ၀တီဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၉၆ ရာခိုင်နှုန်း ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၀၁ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးကြောင်း၊ UAB ဘဏ်က ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၃ ဒသမ ၃၈ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးကြောင်း၊ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်း နဲ့ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ပိုမို ထုတ်ချေးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာထဲက ရိုးမဘဏ် ဦးဆောင်သူ ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိန်းဝေကို စစ်ကောင်စီက ထိုင်းကွန်ဒိုရောင်းဝယ်တဲ့ လုပ်ငန်းစဉ်တွေမှာ ငွေကြေးလွှဲပြောင်းမှုတွေ ရှိနေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရတယ်လို့ သတင်းရရှိပေမယ့် ရိုးမဘဏ်ဘက်က‌ရော ရိုးမလုပ်ငန်းစုဘက်ကရော အတည်ပြုခြင်း၊ ငြင်းဆိုခြင်းတွေ မရှိခဲ့ပါဘူး။

ဧရာဝတီဘဏ်နဲ့ ပတ်သတ်ပြီး ဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်က ရက်အတန်ကြာ ထိန်းသိမ်းထားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ဖူးပေမယ့် လူမြင်ကွင်းကို ပြန်လည် ထွက်ပေါ်လာပါတယ်။ မကြာသေးမီက နိုင်ငံခြားငွေကြေး ဈေးနှုန်းမြင့်တက်တဲ့အတွက်စစ်ဆေးခံရတဲ့အထဲမှာ ဧရာဝတီဘဏ်နဲ့ပတ်သတ်ပြီး ဘာသတင်းမှ ထွက်ပေါ်တာမျိုးမရှိခဲ့ပေမယ့်အခုအခါ Home Loan ခေါ် အိမ်ရာချေးငွေနဲ့ပတ်သတ်ပြီး အရေးယူမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်ဇော်ဟာ စစ်ကောင်စီကို ထောက်ခံခဲ့သူတဦးဖြစ်ပါတယ်။ စစ်ကောင်စီကို ထောက်ခံသူ ဦးသိန်းဝေရဲ့ Yoma Bank နဲ့ ကွယ်လွန်သူ စကစဝန်ကြီး ဦးအောင်သောင်းရဲ့ သား ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) မိုးအောင်ရဲ့ ညီဖြစ်သူ ဦးနေအောင်ရဲ့ UAB ဘဏ်လည်း အရေးယူတဲ့ထဲ ပါနေတာ ဖြစ်ပါတယ်။

အိမ်ရာချေးငွေများကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ပိုပြီး ထုတ်ချေးခဲ့တဲ့ ပုဂ္ဂလိက ဘဏ် ၇ ခုက တာဝန်ရှိသူတွေကို ဥပဒေနဲ့ အညီ အရေးယူမှာ ဖြစ်ပြီး ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၅၄ အရလည်း ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဘဏ်၇ခု နဲ့ ဆက်နွယ်နေတဲ့ စစ်ကောင်စီ ဗဟိုဘဏ်က တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။

ဆက်စပ် သတင်းများ

Most read