Homeနိုင်ငံတကာသတင်းရိုဟင်ဂျာ ၂၀၀ နီးပါးပါဝင်တဲ့ ဒုက္ခသည်လှေကို မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး

ရိုဟင်ဂျာ ၂၀၀ နီးပါးပါဝင်တဲ့ ဒုက္ခသည်လှေကို မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး

၄ ဇန်နဝါရီ၊ ၂၀၂၅

ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာတဲ့ စက်လှေတစ်စင်းကို မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၃ ရက်က ဖမ်းဆီးလိုက်ပါတယ်။ နောက်ထပ် စက်လှေနှစ်စီးကိုလည်း မလေးရှား ရေပိုင်နက်ထဲမှာ ဆက်ပြီးရှာဖွေနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃ ရက် မနက်၃နာရီဝန်းကျင်က မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်း၊ Teluk Yu ကမ်းခြေမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာ ၁၉၆ ဦးကိ သယ်ဆောင်လာတဲ့ လှေတစ်စင်းကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒီလူစုထဲမှာ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅၇ဦး နဲ့ ကလေးငယ် ၇၁ ဦးတို့ ပါဝင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution က မလေးရှားနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေ တစ်သိန်းလောက်ရှိနေပြီလို့ ပြောဆိုပါတယ်။

မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီက ရရှိထားတဲ့ အချက်အလက်တွေအရ ပင်လယ်ပြင်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ နောက်ထပ် လှေနှစ်စင်းရှိသေးကြောင်း သိရပြီး ရေပိုင်နက်ထဲမှာ ရှာဖွေနေပါတယ်။

လူ ၇၀၀ ထက်မနည်း လှေ ၄ စီးနဲ့ ထွက်လာကြတယ်လို့ သတင်းရထားတယ်လို့ မလေးရှား ရေကြောင်းဆိုင်ရာ အေဂျင်စီက ရေတပ်ဗိုလ်ချုပ်ကြီး Datuk Mohd Rosli Abdullah က သတင်းထုတ်ပြန်ထားပါတယ်။

အခုဖမ်းမိတဲ့ အမျိုးသမီးကလေးတွေအပါအဝင် ၁၉၆ ဦးကို လန်ကာဝီ လူဝင်မှုထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းထားပြီး သူတို့ကို တရားမဝင်ခိုးဝင်လာမှုတွေ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ နောက်ထပ် စက်လှေနှစ်စင်း ဖမ်းမိနိုင်ဖို့အတွက် စက်လှေနစ်စီးကို မလေးရေပိုင်နက်မှာတွေ့ပါက အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းပေါ်က သတင်းပေးကြဖို့ လန်ကာဝီကျွန်း ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။
(Ref : The Jakarta Post)

ဓာတ်ပုံ – The Jakarta Post

ဆက်စပ် သတင်းများ

Most read