၂၂ ဩဂုတ်၊ ၂၀၂၄
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေကို တိုက်ခိုက်နေတာဟာ ၂၀၁၇ ခုနှစ်တုန်းက အစုလိုက်အပြုံလိုက် တိုက်ခိုက်အကြမ်းဖက်မှုနဲ့ ဆင်တူနေတယ်လို့ Amnesty International က မြန်မာ့အရေးလေ့လာနေသူ Joe Freeman က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်က Amnesty International ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်မှာ အခုလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။
” ရခိုင်ပြည်နယ်မှာသာမက နိုင်ငံတဝန်းမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာ၊ သန်းနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်နေကြတဲ့ အရပ်သားတွေကို တရားမ၀င်တိုက်ခိုက်တာတွေကို မြန်မာစစ်တပ်ကချက်ချင်းရပ်ပစ်ရမယ်။ ဒါ့အပြင် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့ ရက္ခိုင့်တပ်မတော်ကို နိုင်ငံတကာက ပိုမိုဖိအားပေးရပါမယ်။ မြန်မာစစ်တပ်က ဒါမှမဟုတ် နိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှု စွပ်စွဲချက်အားလုံးကိုလည်း ထိထိရောက်ရောက် စုံစမ်းစစ်ဆေးသင့်တယ်” လို့ Amnesty International ကမြန်မာ့အရေးလေ့လာနေသူ Joe Freeman က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့က နတ်မြစ်ကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို လက်နက်ကြီး ၊ ဒရုန်းသုံးပြီး တိုက်ခိုက်ခံရမှုကြောင့် ၂၀၀ ဦးအထိ သေဆုံးခဲ့ပါတယ်။
အခုလိုရိုဟင်ဂျာလူမျိုးတွေသေဆုံးမှုအတွက် AA မှာ တာဝန်ရှိကြောင်း ရိုဟင်ဂျာအဖွဲ့အစည်းများနဲ့ SAC-M တို့က ပြောဆိုထားသလို AA ဘက်ကလည်း ပြန်လည်ငြင်းဆိုထားပါတယ်။
ဓာတ်ပုံ- Amnesty International