Homeပြည်တွင်းသတင်းရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ရိက္ခာဖိုးထောက်ပံ့မှု တဝက်လျှော့ချဖို့ WFP ဆုံးဖြတ်

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ရိက္ခာဖိုးထောက်ပံ့မှု တဝက်လျှော့ချဖို့ WFP ဆုံးဖြတ်

၇ မတ်၊ ၂၀၂၅

လာမယ့် ဧပြီလကစပြီး ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာဖိုးထောက်ပံ့ငွေကိုတဝက်လျှော့ချသွားမယ်လို့ ကုလသမဂ္ဂ ၊ ကမ္ဘာ့စားနပ်ရိက္ခာပရိုဂရမ် (WFP)က ထုတ်ပြန်ပြောဆိုပါတယ်။

ရိုဟင်ဂျာ တစ်သန်းနီးပါးဟာ ၂၀၁၇ မှာ စစ်တပ်က အကြမ်းဖက်နှိမ်နင်းတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့တာဖြစ်ပြီး အခုအခါ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ မလုံလောက်တော့တဲ့အတွက် ထောက်ပံ့မှုဖြတ်တောက်ရတာ ဖြစ်တယ်လို့လည်း မတ်လ ၅ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာရင်းပေးသွင်းထားတဲ့ရိုဟင်ဂျာတွေကို တစ်ယောက်မှာ ၁၂.၅ဒေါ်လာနှုန်းနဲ့ လစဉ်ထောက်ပံ့နေရာက အခုလာမယ့်လက စတင်ပြီး တစ်ယောက်ကို ၆ ဒေါ်လာသာ ထုတ်ပေးနိုင်တော့မယ့်အကြောင်း WFP က ကြေညာထားပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူဦးရေအဆမတန်များပြားနေပြီး ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အာဟာရမပြည့်ဝတဲ့ပြဿနာလည်း ၂၀၂၃ တုန်းက တစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက်ပစ်လိုက်ပေမယ့် WFP ရဲ့အလှူရှင်စာရင်းမှာတော့ အမေရိကန်နိုင်ငံပါဝင်နေပြီး စားနပ်ရိက္ခာဖိုး ထောက်ပံ့မှုလျှော့ချရတာ တခြားအရင်းအမြစ်တွေမှာပါ ကွာခြားမှုရှိလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ WFP က ထောက်ပြပါတယ်။
နိုင်ငံခြား ထောက်ပံ့ရေး အေဂျင်စီတွေဟာ မျှော်လင့်ထားတဲ့ ဒေါ်လာ ၈၅၂ သန်း ရန်ပုံငွေရဲ့ ထက်ဝက်လောက်ကိုသာ ထည့်ဝင် ပံ့ပိုးနိုင်ခဲ့တယ်လို့ WFP ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြန်ကြားရေးတာဝန်ခံက ပြောဆိုလိုက်ပါတယ်။

အခုသီတင်းပတ်ထဲမှာဥရောပ သမဂ္ဂ (EU)က ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ မြန်မာနိုင်ငံက စစ်ဒဏ်ခံ ပြည်သူတွေ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ အကျပ်အတည်း ကြုံတွေ့နေသူတွေအတွက် လူသားချင်း စာနာမှု ရန်ပုံငွေ ယူရို ၇၆ သန်း ထောက်ပံ့သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ – အေအက်ဖ်ပီ

ဆက်စပ် သတင်းများ

Most read