မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ သာမန်စစ်ဆင်ရေးထက် ကျော်လွန်နေပြီး ရိုဟင်ဂျာ လူမျိုးစုကို မြန်မာ့မြေပေါ်က လုံးဝကွယ်ပျောက်သွားစေဖို့ ရည်ရွယ်တဲ့ စနစ်တကျ လုပ်ဆောင်မှုဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Dawda Jallow က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လျောက်ထားခဲ့ပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာစစ်ဆေးနေတာမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့သက်သေဖျောက်ဖျက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာက လျောက်ထားခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီ ၁၂ ရက်က ကြားနာမှုမှာ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေ Philippe Sands က ဂြိုဟ်တုဓာတ်ပုံ သက်သေတွေပြခဲ့ပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာကျေးရွာတွေကို စနစ်တကျ ဖျက်ဆီးခဲ့မှုတွေကို တင်ပြခဲ့ပါတယ်။
ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့တာ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေကို ဂမ်ဘီယာဘက် ထောက်ပြခဲ့ပြီး မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်က လွဲရင် အခြားအကြောင်းအရာမရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် နောက်ပိုင်းမှာ ရိုဟင်ဂျာကျေးရွာပေါင်း ၃၉၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ဂမ်ဘီယာရှေ့နေတွေက တင်ပြခဲ့ကြပါတယ်။
မြန်မာစစ်တပ်ဟာ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုပြီး အကြောင်းပြပေမယ့် အမှန်တကယ်က လူမျိုးစုတစ်ခုလုံးကို ပစ်မှတ်ထားတာဖြစ်တယ်လို့ လျောက်လှဲကြပါတယ်။
ဒါ့အပြင် ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်များကို အရေးယူခြင်းမရှိဘဲ လွှတ်ပေးတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မူဝါဒကို အားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ကြားနာပွဲကို စစ်ကော်မရှင်သမ္မတရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ တက်ရောက်နေပြီး လာမယ့် ဇန်နဝါရီလ ၁၅ ရက်မှာ မြန်မာနိုင်ငံဘက်က ပြန်လည်ခုခံချေပမှာဖြစ်ပါတယ်။


