Homeပြည်တွင်းသတင်းရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ICJ မှာ ဂမ်ဘီယာ လျှောက်လဲ

ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ICJ မှာ ဂမ်ဘီယာ လျှောက်လဲ

၂၈ ဇန်နဝါရီ ၂၀၂၆

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်က ဇန်နဝါရီ ၂၇ ရက်မှာ နောက်ဆုံးပိတ် လျှောက်လဲချက် ပေးအပ်လိုက်ပြီး ရိုဟင်ဂျာတွေ အတွက် အရေးကြီးတဲ့ အခွင့်အရေးတောင်းဆိုချက်တွေကို တရားရုံးဆီ တင်သွင်းခဲ့ပါတယ်။

နိဂုံးချုပ်လျှောက်လဲချက်မှာ ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Mr. Dawda A. Jallow က မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကြောင့်သာ နိုင်ငံတဝန်း အစွန်းအထင်းတွေ ဖြစ်ပေါ်လာခဲ့ရတာဖြစ်ပြီး အဲ့ဒီ အစွန်းအထင်းကို အမှန်တရားနဲ့ တာဝန်ခံမှုတွေကနေတဆင့်ပဲ ပြန်လည် ဆေးကြောနိုင်မယ်လို့ တရားရုံးရှေ့မှာ ပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာဘက်က အဓိကတောင်းဆိုချက်ထဲမှာတော့ မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသူတွေ အပါအဝင် ပြည်ပကို ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာအားလုံးကို တန်းတူညီတူရှိတဲ့ “နိုင်ငံသားဖြစ်ခွင့်” ကို အမြန်ဆုံး ပေးအပ်ဖို့ဆိုတဲ့ အချက်ကို ထည့်သွင်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ခံစားခဲ့ရတဲ့ နစ်နာမှုတွေ အတွက် လျော်ကြေးပေးဖို့၊ သိမ်းဆည်းခံထားရတဲ့ အိမ်ယာနဲ့ မြေယာပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့၊ ကွဲကွာသွားတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်အောင် လုပ်ဆောင်ပေးဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ကုစားပေးဖို့ကိုလည်း တရားရုံးကို တင်ပြခဲ့ပါတယ်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ အခြေအနေကို အဆုံးသတ်ဖို့အတွက် လူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်တပ်၊ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လွတ်လပ်တဲ့ တရားရုံးမှာ စစ်ဆေး စီရင်ပေးဖို့ကိုလည်း ဂမ်ဘီယာဘက်က တောင်းဆိုခဲ့ပါတယ်။

နောက်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ဘေးကင်းလုံခြုံပြီး သိက္ခာရှိရှိ ပြန်လာနိုင်မယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့၊ ခွဲခြားဆက်ဆံမှုတွေကနေ ကာကွယ်ပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခွင့်တွေကို အာမခံပေးဖို့ကိုပါ ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

ဂမ်ဘီယာဘက်ရဲ့ နောက်ဆုံးပိတ် လျှောက်လဲချက်နဲ့အတူ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုအမှုနဲ့ ပတ်သက်တဲ့ ကြားနာမှု အဆင့်တွေ အဆုံးသတ်သွားပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက် စောင့်ကြည့်ရမယ့် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဓါတ်ပုံ – Reuters

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး