Homeပြည်တွင်းသတင်းရဟတ်ယာဉ်ပျက်ပြီးသေသွားတဲ့ဗိုလ်ချုပ်စိုးတင်လတ်က လူ ၁၆၈ ဦးသေဆုံးတဲ့ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအမိန့်ပေးသူဖြစ်နေ

ရဟတ်ယာဉ်ပျက်ပြီးသေသွားတဲ့ဗိုလ်ချုပ်စိုးတင်လတ်က လူ ၁၆၈ ဦးသေဆုံးတဲ့ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအမိန့်ပေးသူဖြစ်နေ

၅ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၂ ရက် မှော်ဘီ လေတပ်စခန်းအနီးမှာ ရဟတ်ယာဉ်ပျက်ကျပြီးသေဆုံးသွားတဲ့ ဗိုလ်ချုပ်စိုးတင်လတ်ဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်၊ ပဇီကြီးကျေးရွာက လူ ၁၇၀ နီးပါးသေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ အမိန့်ပေးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ စိုးတင်လတ်ဟာ နိုင်ငံအလယ်ပိုင်း မကွေးမြို့အခြေစိုက် မကွေးလေတပ်စခန်းဌာနချုပ်မှာ အဆင့်အမြင့်ဆုံးရာထူးဖြစ်တဲ့ ဌာနချုပ်မှူးရာထူးကို ရခဲ့ပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်ဟာ ရခိုင်၊ ချင်း၊ မကွေးနဲ့ အညာဒေသတို့ကို ဗုံးကြဲတိုက်ခိုက်တဲ့ အခြေစိုက်စခန်းဖြစ်ပါတယ်။

ပဇီကြီးဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်မှာ စိုးတင်လတ်ဟာ မကွေးလေတပ်စခန်းဌာနချုပ်ရဲ့ အဆင့်အမြင့်ဆုံးရာထူး ဌာနချုပ်မှူး ရာထူး ရယူထားပြီး ပဇီကြီးဖြစ်စဉ်အပြီး ၂၀၂၃ ခုနှစ် ဇွန်လကုန်မှ ရန်ကုန်အခြေစိုက် မှော်ဘီလေတပ်စခန်းက တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ်နဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။

၂၀၂၃ ဧပြီ ၁၁ နံနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ကန့်ဘလူနယ် ပဇီကြီးကျေးရွာကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်တဲ့အတွက် သေဆုံးသူ ၁၆၈ ဦးထဲမှာ ပဇီကြီးရွာမှ ၁၄၁ ဦးဖြင့်အများဆုံးဖြစ်ပြီး ရွာသာယာရွာမှ ၁၄ ဦး၊ လေးတွင်းစင်ရွာမှ ၄ဦး ၊ကျောက်တံခါး ရွာမှ ၄ဦး ၊ မယ်ဇတောရွာမှ ၂ ဦး ၊ သာယာမွန်ရွာမှ ၁ ဦး ၊ ကျောက်မြေရွာမှ ၁ ဦး ၊ ထနောင်းကိုင်းကြီးရွာမှ ၁ဦးတို့ဖြစ်ပါတယ်။

လေကြောင်းက တိုက်ခိုက်လို့ သေဆုံးရသူတွေထဲ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)တာဝန်ယူထားသူ ၁၈ ဦးသာပါဝင်ပြီး ကျန် ၁၅၀ ဦးမှာပြည်သူတွေသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read