၁၅ မတ် ၊ ၂၀၂၅
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ ရန်ပုံငွေလိုအပ်ချက် ကြီးမားမှုကြောင့် ဧပြီလက စပြီး မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်းသွားတော့မယ်လို့ သိရပါတယ်။
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)အနေနဲ့ ရန်ပုံငွေအသစ်မရရှိပါက အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနဲ့ မသန်စွမ်းသူများပါဝင်တဲ့ လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မယ်လို့ အသိပေးထားပါတယ်။
WFPအနေနဲ့ မြန်မာပြည်သူပြည်သားများအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၆၀အထိ အရေးပေါ်လိုအပ်နေပါတယ်။
“လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း အခြေအနေတွေ ဆက်လက်ပြင်းထန်ဆိုးရွားနေတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ထပ်ဆောင်းရန်ပုံငွေတွေ ရှာဖွေကြဖို့ မိတ်ဖက်အားလုံးကို WFP က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အလိုအပ်ဆုံးသောအခြေအနေမှာ မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ၊ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ရန်ပုံငွေတွေ ထောက်ပံ့ပေးကြရမှာဖြစ်ပါတယ်” လို့ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Dunford က ပြောပါတယ်။
မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်မှုအရ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒဿမ ၂ သန်းနီးပါးဟာ တစ်နေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်မီနိုင်ဘူးလို့ သိရပြီး ဒီအရေအတွက်ဟာ မနှစ်က ရှိခဲ့တဲ့ လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ တိုးမြင့်လာတာဖြစ်ပါတယ်။
ဒီအထဲက လူဦးရေ ၂ ဒဿမ ၃ သန်းဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေအဖြစ် ရင်ဆိုင်နေကြရပြီး မိသားစုတွေ ဆက်လက်အသက်ရှင်သန်ရန်တည်နိုင်ရန်အတွက် ထမင်းပုံမှန်စားသောက်ရဖို့ ခက်ခဲနေကြပြီး ပိုင်ဆိုင်မှုများကို ရောင်းချနေကြရပြီး အကြွေးနွံထဲ ရုန်းကန်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- WFP