၂၇ ဖေဖေါ်ဝါရီ၊၂၀၂၅
ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း (၇)ခုကို PDFပူးပေါင်းတပ်တွေ တိုက်ခိုက်ချေမှုန်းခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရုံးချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်းက ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့တွေ အခြေချတပ်စွဲထားတဲ့ ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက် အောက် ခံ တပ်တွေနဲ့ KNU/KNLA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ ရက်တွင် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲလက် အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂)တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝက စစ်ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့ နဲ့ KNLA တပ်ရင်း(၉)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့လည်း MOD က အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူတွေနအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဂိတ်စခန်း အနီးဝန်းကျင်တွေကို မလိုအပ်ပဲ သွားရောက်ခြင်းများမပြုလုပ်ဖို့ကိုလည်း NUG (MOD) က သတိ ပေးထားပါတယ်။
Photo – MOD