ရန်ကုန်မြို့ ဗိုလ်တထောင်ကမ်းနားမှာ အမျိုးသားအလောင်း တလောင်းကို မနေ့က ဇန်နဝါရီ ၁၉ ရက် ညပိုင်းအချိန်ခန့်က တွေ့ရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့ဆီကနေ သိရပါတယ်။
သေဆုံးသူဟာ လွန်ခဲ့တဲ့ရက်ပိုင်းကပျောက်ဆုံးနေသူဖြစ်ပြီး၊ Dj Froggy အမည်နဲ့ DJ တီးခတ်တာကို လုပ်ကိုင်နေသူဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
တွေ့ရှိတဲ့အချိန်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးချိန်ဟာ ရက်အတန်ကြာပြီဖြစ်တာကြောသ့် ရုပ်ပျက်နေသလို တွေ့ရှိတဲ့နေရာကို နယ်မြေခံရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လတ်တလော ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ယခုလ ဇန်နဝါရီလ ၁၇ ရက်ကလည်း ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၂) အတွင်းရှိ လမ်းဘေးတစ်နေရာမှာ ပုပ်ပွကာရုပ် ပျက်နေတဲ့ မွေးကင်းစကလေးငယ်တဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ကြပါသေးတယ်။
ဓာတ်ပုံ-Arr Puu Tu


