ရန်ကုန်-ပြည်လမ်းပိုင်းမှာ ဒီကနေ့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းကစလို့ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကော်မရှင်အကြား တိုက်ပွဲဖြစ်နေခရီးသွားပြည်သူတွေသတိထား သွားလာကြဖို့ မင်းလှဒေသခံတွေက အသိပေးထားပါတယ်။
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ သာယာဝတီခရိုင် မင်းလှမြို့နယ်ထဲမှာ ပါဝင်တဲ့ ရန်ကုန်-ပြည်လမ်းပေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး။ မင်းလှသွား လမ်းပိုင်းပေါ်မှာပါ။ ဒီနေ့က စဖြစ်တယ်ဆိုပေမယ့်အရင်ရက်တွေ လတွေတုန်းကလည်း ဒီလိုဘဲဖြစ်နေတာပေါ့။ ပစ်ခတ်သံတွေကတော့ ကြားနေရပါတယ်။ စစ်တပ်ဘက်က အကျအရှုံးများတယ်လို့သိရပေမယ့် ကျွန်တော်တို့အနေနဲ့တော့ ဂဃနဏ မသိပါဘူး” လို့ မင်းလှဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းအချိန်အထိ တိုက်ပွဲဖြစ်ပွားနေသံကို ကြားနေရပြီး ၊ မွန်းလွဲပိုင်းမှာ အသံပြန်တိတ်နေသလို လမ်းပိုင်းမှာလည်း ခရီးသွား ယာဉ်တွေ ပိတ်ဆို့မှုဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“မြေပြင်မှာဖြစ်ကြတာကိစ္စမရှိပေမယ့် လေကြောင်းတိုက်ခိုက်မှာကိုတော့ ဒေ သခံတွေ စိုးရိမ်နေကြတယ်”လို့ သူက ဖြည့်စွက် ရှင်းပြပါတယ်။
ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ တော်လှန်ရေးအဖွဲ့ဘက်က စစ်ဆင်ရေးသတင်းမထုတ်ပြန်ထားသေးပါ။ဒီသတင်းနဲ့ပတ်သက်လို့ New Day Myanmar က ဆက်လက်စုံစမ်းနေပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်


