Homeပြည်တွင်းသတင်းရန်ကုန်-ဒလ မြစ်ကူးတံတားဖွင့်လှစ်တော့မှာကြောင့် လုံခြုံရေးတွေ တိုးမြင့်ချထား

ရန်ကုန်-ဒလ မြစ်ကူးတံတားဖွင့်လှစ်တော့မှာကြောင့် လုံခြုံရေးတွေ တိုးမြင့်ချထား

၅ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်–ဒလ မြစ်ကူးတံတားကြီးကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ကနဦးသိရပြီး၊ တံတားဖွင့်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ တံတားအောက်ဘက်ကနေ ဖြတ်သန်းသွားလာခွင့်ကို စစ်ကော်မရှင် အာဏာပိုင်တွေက ကန့်သတ်ထားပြီး မနေ့ကစပြီး လုံခြုံရေးတပ်ဖွဲ့တွေကို နေရာအနှံ့ ချထားလိုက်တယ်လို့ ဆိုပါတယ်။

မြို့ခံတစ်ဦးက “ကင်းပုန်းတွေ ဝပ်နေတာတွေ့ရတယ်။ ပတ်ကင်းယာဉ်တွေလည်း ရန်ကုန်မြို့ထဲမှာ ပတ်နေကြတယ်။ ပြည်ထောင်စုနေ့အခမ်းအနားနဲ့ တံတားဖွင့်ပွဲအတွက် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ယူနေတာပဲ”လို့ New Day Myanmar ကို ပြောပါတယ်။

ရန်ကုန်–ဒလ မြစ်ကူးတံတားကြီးဟာ အရပ်သားအစိုးရလက်ထက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပန္နက်ရိုက် စတင်ခဲ့တဲ့ စီမံကိန်းဖြစ်ပြီး၊ စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ငါးနှစ်အကြာမှာမှ အပြီးသတ် ရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်။

“မြန်မာ–ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား” လို့ အမည်ပေးထားတဲ့ အဲ့ဒီတံတားကြီးဟာ ရန်ကုန်ဘက်ခြမ်း လမ်းမတော်မြို့နယ်၊ ပြည်လမ်းမကနေတောက်လျှောက်မောင်းလာရင် မိနစ်ပိုင်းအတွင်း ဒလမြို့တွင်းကို ရောက်နိုင်အောင် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

တံတားစီမံကိန်းကို ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ အရပ်သားအစိုးရလက်ထက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး