Homeပြည်တွင်းသတင်းရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများစုတွင် စက်သုံးဆီ အကန့်အသတ်နဲ့သာ ရောင်းချ၊ တန်းစီဝယ်ယူမှုများ ဖြစ်ပေါ်

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများစုတွင် စက်သုံးဆီ အကန့်အသတ်နဲ့သာ ရောင်းချ၊ တန်းစီဝယ်ယူမှုများ ဖြစ်ပေါ်

၃ မတ် ၂၀၂၆ | New Day Myanmar

ရန်ကုန်နဲ့ မန္တလေးမြို့အပါအဝင် မြို့အများစုမှာ ယမန်နေ့ မတ်လ ၂ ရက် မွန်းလွဲပိုင်းကစပြီး စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေသလို ဆီဆိုင်တွေရှေ့မှာ တန်းစီစောင့်ဆိုင်းဝယ်ယူရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။

ဒီနေ့ မနက်အစောပိုင်းအချိန်အထိ ဆီဆိုင်အများစုမှာ ယာဉ်များ တန်းစီစောင့်ဆိုင်းနေရပြီး ရောင်းချပေးရာမှာလည်း ကန့်သတ်ချက်တွေနဲ့သာ ရောင်းချပေးနေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့ကတော့ တန်းစီရပေမယ့် လိုသလောက် ထည့်ပေးသေးတယ်။ ဒီမနက်ကျမှ အကန့်အသတ်နဲ့ပဲ ရောင်းပေးတော့တာ၊ ကားတစ်စီးကို ငါးသောင်းဖိုးပဲ ရောင်းပေးတယ်” လို့ ၎င်းက ဆိုပါတယ်။

ရန်ကုန်မြို့အတွင်း လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံအပါအဝင် မြို့နယ်အများစုမှာ မွန်းလွဲပိုင်းအထိ ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူတွေ များပြားနေတယ်လို့ တက္ကစီယာဉ်မောင်းတစ်ဦးကလည်း ပြောပါတယ်။

“နာရီဝက်ကျော်ကြာနေပြီ။ ရောင်းပေးနေတာတော့ တွေ့တယ်။ ထည့်ပြီးတဲ့ကားသမားတွေ ပြောတာက ငါးသောင်းဖိုးပဲ ထည့်ပေးတယ်လို့ သိရတယ်။ အမေရိကန်-အီရန် စစ်ရေးပဋိပက္ခကြောင့် ဆီဈေးတက်မယ်ဆိုတဲ့ သတင်းတွေ ဖတ်ပြီး လူတွေ စုပုံဝယ်လာတာပဲ” လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အီရန်နဲ့ အမေရိကန်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ၊ ဆော်ဒီအာရေးဗီးယားရှိ ရေနံချက်စက်ရုံအချို့ ပိတ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စက်သုံးဆီဈေးနှုန်း မြင့်တက်နိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ တင်ပို့သည့် စက်သုံးဆီကို အဓိကအားပြုသုံးစွဲနေတဲ့ မြဝတီနယ်စပ်မြို့မှာလည်း ဆီဆိုင်တွေရှေ့ လူစုလူဝေးနဲ့ တန်းစီဝယ်ယူမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ မြဝတီမှာ ဆီဆိုင်တွေမှာ တိုးကြိတ်ဝယ်နေကြတယ်။ ဆိုင်ကယ်တစ်စီးကို တစ်သောင်းဖိုးပဲ ထည့်ပေးတယ်။ ကားဆို ငါးသောင်းဖိုးပဲ။ ဆီပုံးနဲ့ ဝယ်တာတွေကိုတော့ မရောင်းပေးဘူး” လို့ ဆိုပါတယ်။

စက်သုံးဆီအဝင်နည်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် မြို့ကြီးအများစုမှာ ပြည်သူတွေ ကြိုတင်ဝယ်ယူမှု မြင့်တက်လာရာကနေ အခုလို တန်းစီစောင့်ဆိုင်းနေရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တရားဝင် အသိပေးထုတ်ပြန်ချက် မထုတ်ပြန်သေးပါဘူး။

တချို့မှတ်ချက်ပြုသူတွေကတော့ “ပြည်တွင်းမှာ ဆီလုံလောက်မှု ရှိနေတယ်၊ ပုံမှန်ရောင်းဝယ်ကြမယ်ဆိုရင် ဆီပျက်နိုင်ချေ နည်းတယ်။ ဈေးတက်နိုင်ခြေတော့ ရှိတယ်။ မှောင်ခို၊ အကြိုက်ဆွဲလုပ်တာမျိုး မဖြစ်စေချင်ဘူး” လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြပါတယ်။

ပုံစာ – မြဝတီနယ်စပ်မြို့တွင် ယနေ့ ဆီတန်းစီဝယ်ယူနေသူများ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး